ကိုဗစ် - ၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသည့် စီးပွားရေး လုပ်ငန်းများ ဒုတိယအကြိမ် ချေးငွေလျှောက်ထားနိုင်

ရန်ကုန် ၂  သြဂုတ်

 

ကိုဗစ် - ၁၉ ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းများအတွက် ဒုတိယအကြိမ် အတိုးနှုန်း သက်သာသည့် ချေးငွေကို ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI ) နှင့် ပြည်နယ်နှင့် တိုင်းများရှိ ကုန်သည်စက်မှု အသင်းများတွင် ဇူလိုင် ၂၉ ရက်မှစတင်၍လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ထိုသို့လျှောက်ထားရာတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်းပညာသင် ကျောင်းများတို့ကို ဦးစားပေးလုပ်ငန်း ကဏ္ဏများအဖြစ် သတ်မှတ်ထားသည်။

         

ချေးငွေလျှောက်ထားသူများ အနေဖြင့်အထက်ဖေါ်ပြပါ ဦးစားပေး လုပ်ငန်းကဏ္ဍတွင်အကျုံးဝင်သော လုပ်ငန်းများသာ လျှောက်ထားနိုင်သည်။ ချေးငွေခွင့်ပြုရာတွင် ဦးရာလူ ထုတ်ပေးခြင်းမပြုဘဲ စာရွက်စာတမ်းပြည့်စုံမှု၊ ချေးငွေပြန်ဆပ်နိုင်မှုတို့အပေါ် မူတည်၍ ခွင့်ပြုပေးခြင်းဖြစ်သည် အမြန်လာရောက် လျှောက်ထားခြင်းထက် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံစွာဖြည့်စွက်ပြီးမှသာ လျှောက်ထားသင့်သည် ပထမအကြိမ် ချေးငွေရရှိ ထားသူများ ထပ်မံလျှောက်ထား၍ မရကြောင်း သိရသည် ။

           

 ပူးတွဲတင်ပြရန် လိုအပ်သောစာရွက်စာတမ်းများ လျှောက်လွှာပုံစံများကို https://bit.ly/3f9vL4h တွင် ဒေါင်းလုပ်ရယူနိုင်သည်။ အွန်လိုင်းမှတစ်ဆင့်ချေးငွေလျှောက် ထားလိုသူများသည် UMFCCI Website Link-https://umfccicovid19loam.dedc.gov.mm သို့ ဝင်ရောက်၍ လွယ်ကူလျှင်မြန်စွာလျှောက် ထားနိုင်သည်။ လျှောက်လွှာများကို ကုန်သည်စက်မှု အသင်းချုပ်ရုံး ( UMFCCI ) အမှတ် ၂၉၊ မင်းရဲကျော်စွာလမ်း လမ်းမတော်မြို့နယ် ရန်ကုန်မြို့သို့ သြဂုတ် ၁၀ ရက် ညနေ ၄ နာရီခွဲအထိ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

 

အောင်သူရ