ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ကော့သောင်း ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်း

ကော့သောင်း ၇ ဇွန်

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ဝန်ထမ်းများအား Grand Andaman Hotel & Resort သူဌေးကျွန်း အပန်းဖြေ ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် မိသားစုက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်သွန်နီများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ဝန်ထမ်းများ စားဝတ်နေရေး တစ်စိတ်တစ်ဒေသ အဆင်ပြေကြစေရန်ရည်ရွယ်ကာ အခြေခံစားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးခြင်းဖြစ်ရာ ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးနှင့် တပ်ဖွဲ့ဝင် (၃၇)ဦးနှင့်မိသားစုဝင်များအား တစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ဆီသန့်တစ်လီတာဗူး(၁)ဗူးနှင့် ကြက်သွန်နီ(၁)ပိသာစီကို လာရောက် ထောက်ပံ့ လှူဒါန်းခဲ့သည်။

 

သူဌေးကျွန်း အပန်းဖြေ ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် မိသားစု က ကော့သောင်းမြို့နယ်အတွင်း မြို့ပေါ်(၁၀)ရပ်ကွက်မှ   ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှု အစပိုင်းကာလများအတွင်းကပင် စဉ်ဆက်မပြတ် အခြေခံစားသောက်ကုန်များ လိုက်လံ ထောက်ပံ့လှူဒါန်းလျက်ရှိပြီး ယခု ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လစာနည်း အခြေခံဝန်ထမ်းမိသားစုများအား စားဝတ်နေရေး အခက်အခဲများ တစ်စိတ်တစ်ဒေသ အဆင်ပြေကြစေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း အလားတူ ကျန်ရှိသည့် ဌာနဆိုင်ရာများမှ အခြေခံဝန်ထမ်းများ၊ မြို့နေအခြေခံလက်လုပ်လက်စား ဆိုင်ကယ်ကယ်ရီလုပ်သားများ၊ ကူတို့ပဲ့ချိတ်လှေလုပ်သား မိသားစုများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)