ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ကို အပြတ်ဖြတ်နိုင်ဖို့ အားလုံးပါဝင်စို့

mdn

သတင်းဆောင်းပါး - ထက်လျှံ

 

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်)]

 

ကျွန်တော်တို့ ယနေ့ဆိုရင် ရန်ကုန်အနေနဲ့ Positive လူနာ များလာ ပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုအနေနဲ့ နိုင်ငံခြားက ပြန်လည်ဝင်ရောက်လာသူတွေကို အများဆုံးစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုမှာ Contact Tracing တွေကို စစ်ဆေးတာ ပိုများတဲ့အတွက် Positive လူနာအရေအတွက် များလာခြင်းဖြစ်ပါတယ်။ Positive ဖြစ်တဲ့နှုန်း တွေ၊ အရေအတွက်တွေ တက်နေတာက အမှန်ပါပဲ။

 

ဒါကို ကျွန်တော်တို့အားလုံး သတိထားဖို့လိုပါတယ်။ ဒီဟာက ကျွန်တော် တို့အားလုံးအတွက် သတိပေးနေသလို ဖြစ်ပါတယ်။ ယနေ့အထိ ကိုဗစ်ရောဂါ ကြောင့် သေဆုံးမှုအရေအတွက်တွေ များနေပါတယ်။

 

ကျွန်တော်တို့က လူတိုင်း၊ လူတိုင်းရဲ့ အသက်တွေကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာက အရေးကြီးတယ်ဆိုတာကို ပြောပြတာပါ။ စက်တင်ဘာ ၁၇ ရက်နေ့က သေဆုံးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးဆိုရင် သူ့မှာ သွေးနဲ့ပတ်သက်တဲ့ ရောဂါရှိပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါ အခြေခံရှိပြီး ယခု ကိုဗစ်ရောဂါပိုး ထပ်ဝင်တဲ့အတွက် သေဆုံးရခြင်းဖြစ်ပါတယ်။

 

အလားတူ အသက် ၂၄ နှစ်အရွယ် ဦးဇင်းတစ်ပါးရှိပါတယ်။ ဦးဇင်းက ကျောက်ကပ်ဆေးနေရတာ ဖြစ်ပါတယ်။ ဦးဇင်းရဲ့ အခြေခံရောဂါကိုက ကျောက်ကပ်အလုပ်မလုပ်တော့တာဖြစ်တဲ့အတွက် ယခုလို ဘဝနတ်ထံ ပျံလွန်တော်မူသွားခြင်း ဖြစ်ပါတယ်။

 

ဘယ်သူမဆိုဖြစ်နိုင်

 

ဒါကြောင့် ဒီလိုမျိုးအဖြစ်တွေ မဖြစ်ရအောင်၊ ထပ်ပြီးမတွေ့ရအောင် ကျွန်တော်တို့တွေအားလုံး ကိုဗစ်ရောဂါဆိုင်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ စည်းကမ်းတွေ လိုက်နာကြဖို့ လိုအပ်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ် မဖြစ်ဘူးလို့ မထင်ပါနဲ့ ။ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မရှိဘူးလို့ မထင်ပါနဲ့။ အန္တရာယ်ရှိနိုင်ပါတယ်။

 

အရင်နေ့တွေတုန်းက ကျွန်တော်ပြောသလို အသက် ၄၀ ပတ်ဝန်းကျင်နဲ့ ဘာရောဂါအခံမှမရှိဘဲ သေဆုံးသွားသူ တချို့ရှိပါတယ်။ သေဆုံးမှုရာခိုင်နှုန်း အနေနဲ့ နည်းပေမယ့် ရှိပါတယ်။ ဒါကြောင့် ကိုယ်မဖြစ်ဘူး၊ ဒီထဲမှာ မပါဘူးလို့ လုံးဝ(လုံးဝ)ယူဆလို့ မရပါဘူး။ ဒီထဲမှာ ကိုယ်လည်းပါဝင်နိုင်တာကို သတိ ထားပါ။

 

ဒါကြောင့် ကိုယ့်အနေနဲ့ ကိုဗစ်ရောဂါ မကူးစက်အောင်၊ ကိုယ်ကနေ သူများကို မကူးစက်အောင်နေထိုင်ကြဖို့ ကျွန်တော် အမြဲတမ်းပြောနေတာက အရေးကြီးပါတယ်။ ဒါကို အားလုံးကလိုက်နာပြီး ဆောင်ရွက်ကြဖို့ အရေးကြီး ကြောင်း ကျွန်တော့်အနေနဲ့ ထပ်လောင်းပြီး ပြောကြားလိုပါတယ်။

 

ကိုဗစ်ရောဂါပိုးတွေ့ရှိသူ အရေအတွက်တွေ များလာခြင်းကို ကျွန်တော် တို့အနေနဲ့ နှစ်ပိုင်းခွဲပြီး ကြည့်ဖို့လိုပါတယ်။ တစ်ခုက ဒီ Positive ဖြစ်တဲ့ သူတွေကနေတစ်ဆင့် Contact တွေကို ခဏ Save လုပ်ပြီး ကျွန်တော်တို့ Containment Procedures အတိုင်း Quarantine လုပ်ဖို့ လိုပါတယ်။ ဒီလို Quarantine လုပ်တဲ့နေရာမှာ ကျွန်တော်တို့ Positive လူနာနဲ့ ထိတွေ့ခဲ့သူ အရေအတွက်တွေ အများကြီးထွက်လာတဲ့အချိန်မှာ ဒီဟာကို အချိန်မီ၊ အလျဉ် မီအောင် အချိန်နဲ့တစ်ပြေးညီ Quarantine လုပ်ပါတယ်။ Contact Tracing တွေ လုပ်ပါတယ်။ Positive လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို Facility Quarantine မှာ ထည့်ပါတယ်။ Quarantine ထဲက လူတွေရဲ့ နှာခေါင်းတို့ဖတ် နမူနာယူပါ တယ်။ နောက်ပြီး အဲဒီကနေထွက်လာတဲ့ ဓာတ်ခွဲအတည်ပြုမှုအဖြေပေါ် မူတည်ပြီး ဆက်စပ်ထိတွေ့သူတွေရဲ့ ကွင်းဆက်မပျောက်အောင်လုပ်ရတဲ့ အလုပ်က အရေးကြီးပါတယ်။

 

အနာကိုကုတဲ့ဆေးမရှိ

 

ကျွန်တော်တို့ Positive လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ ဆေးကုသမှု အပိုင်းက အရေးကြီးသလို Contact ဖြစ်သွားတဲ့ နေရာကနေပြီး မပြန့်အောင် လိုက်ပြီး ဒီကွင်းဆက်တွေကိုဖြတ်ရတာက အတော်အရေးကြီးပါတယ်။ ဒီလို ကွင်းဆက်တွေဖြတ်ခြင်းက ဆေးကုသမှုထက် အရေးကြီးပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တဲ့သူကို ဆေးကုသဖို့အတွက် ဆေးမရှိပါဘူး။ ဒါကြောင့် ရောဂါဖြစ်တဲ့သူတွေ ကို ပြုစုစောင့်ရှောက်တယ်။ ကိုဗစ်ရောဂါဖြစ်ပွားနိုင်တဲ့ အန္တရာယ်ဖြစ်လာ နိုင်တာတွေကို ကာကွယ်တယ်။ ဒီလို ပြုစုစောင့်ရှောက်တဲ့နေရာမှာ အဆုတ် ဆိုရင် အသက်ရှူလို့ရအောင် အသက်ရှူစက်တွေ လုပ်ပေးတယ်။ ကျောက်ကပ် ဆိုရင် ကျောက်ကပ်ကောင်းအောင် ကျောက်ကပ်အတွက် ပြင်ဆင်ပေးပါတယ်။ ဒါတွေကိုသာ ကျွန်တော်တို့ လုပ်လို့ရပါတယ်။ အနာကို ကုတဲ့ဆေးက မရှိပါဘူး။

 

ဒါကြောင့် Contact Tracing က အရေးကြီးပါတယ်။ ဒီရောဂါကူးစက်မှု ကွင်းဆက်ကိုဖြတ်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီရောဂါပိုး ကူးစက်မှု ကွင်းဆက်ဖြတ်တာကို အစွမ်းကုန်၊ အားကုန်၊ ဘက်ပေါင်းစုံကနေ လုပ်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ လူနာတစ်ယောက်ကို တစ်ယောက်နှုန်းနဲ့ ဒီဘက်ကနေ Medical professions က ဆက်သွယ်ပြီး သူနဲ့ ထိတွေ့ဆက်ဆံခဲ့ သူတွေကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီ လုံးဝကွင်းဆက်မပျောက်ရ အောင်၊ လုံးဝမကျန်ရအောင်လုပ်ဖို့ စီစဉ်နေပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဆေးတက္ကသိုလ်တွေမှာရှိတဲ့ ဆရာ/ဆရာမများ၊ ဘွဲ့လွန်/ ဘွဲ့ကြို ကျောင်းသား များကို ယခုသင်တန်းပေးနေပါတယ်။ ဒီသင်တန်းကနေ Contact Tracing ကို တယ်လီဖုန်းကနေတစ်ဆင့် IT Communication ကို အသုံးချပြီးလုပ်ဖို့ စီစဉ်နေ ပါတယ်။ ဒီအစီအစဉ်ကို လာမယ့်ရက်အတွင်းမှာ စတင်ပြီးလုပ်နိုင်မှာ ဖြစ်ပါ တယ်။ အဲဒီကနေ အင်နဲ့ အားနဲ့ ယခုလိုလုပ်နေပြီး ဒီဘက်မှာလည်း Facility Quarantine ရဲ့ သတ်မှတ်ချက်တွေ၊ ညွှန်ကြားချက်တွေကို ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို တင်ပြပြီး အသစ်ပြန်လည် ရေးဆွဲဖို့ လုပ်နေပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီ အစဉ်နဲ့ Facility Quarantine ကနေပြန်တဲ့ Home Quarantine တွေကို သေသေ ချာချာ တင်းတင်းကျပ်ကျပ်လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒီလို အစီအစဉ်တွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်မှုမရှိအောင် လူအင်အား၊ ပစ္စည်းအင်အား၊ အကြံဉာဏ်အင်အား၊ နည်းပညာအင်အားတွေ အပြည့်နဲ့ ကျွန်တော်တို့ လုပ်ဖို့အတွက် စီစဉ်နေပါတယ်။

 

ဒီလိုတွေ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် ပြည်သူလူထု တစ်ဦး၊ တစ်ယောက်ချင်းစီ၊ တစ်ရပ်ကွက်ချင်းစီ၊ တစ်မြို့နယ်ချင်းစီရဲ့ ပူးပေါင်း ပါဝင်မှုက အရေးကြီးပါတယ်။

 

ကွင်းဆက်အပြတ်ဖြတ်နိုင်မယ်

 

ဒီ Contact Tracing ကို ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်တယ်။ ရောဂါကူးစက်မှု ကွင်းဆက်ကို အပြတ်ဖြတ်နိုင်မယ်ဆိုရင် ရောဂါကူးစက်မှုတွေ ရပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Contact Tracing လုပ်ငန်းမှာ ပြည်သူ လူထု ပူးပေါင်းပါဝင်ကြဖို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ ကျွန်တော် ဒီ Contact Tracing လုပ်ငန်းစဉ်ကို လိုက်နာ ပေးကြဖို့ တောင်းပန်ပါတယ်။ ကျွန်တော် အနူးအညွတ် မေတ္တာရပ်ခံပါတယ်။

 

နောက်တစ်ခုဖြစ်တဲ့ ကိုဗစ်ရောဂါကုသမှုအနေနဲ့ ဖောင်ကြီးကိုဗစ်ရောဂါ ကုသရေးစင်တာ ရှိပါတယ်။ အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာမှာ အသင့်ပြင်ဆင်ပြီး အခန်းတွေက လူနာ ၁၁၀ အတွက် အသင့်ရှိပါတယ်။ ဒါကြောင့် ရိုးမအိမ်ရာမှာလည်း ထားလို့ရပါတယ်။ ဒါ့အပြင် လှိုင်တက္ကသိုလ် နယ်မြေထဲက မြတ်လေးဆောင်ကို အသုံးပြုလို့ ရပါတယ်။ မြတ်လေးဆောင်မှာ လူ ၁၀၀ အတွက် နေရာလွတ်ရှိပါတယ်။ သုဝဏ္ဏဘောလုံးအကယ်ဒမီမှာလည်း ခုတင် ၄၀၀ အသင့်ဖြစ်နေပါပြီ။ ဒီလို လူနာလက်ခံကုသပေးနိုင်တဲ့ နေရာတွေ ကြောင့် ယခုတက်နေတဲ့ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ နှုန်းကို ကာမိမှာဖြစ်ပါတယ်။ ယခင်က ကျွန်တော်တင်ပြခဲ့သလို တစ်နေ့ကို လူနာ ၃၀၀ နှုန်းအထိ လက်ခံကုသနိုင်အောင် စီစဉ်ထားပါတယ်။ လူနာ ၃၀၀ နဲ့ အထက်ကို ရောက်ရှိလာရင် ကျွန်တော်တို့အနေနဲ့ နေရာတွေကို စဉ်းစားဖို့ လိုလာမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အောင်မြင့်မိုရ်အိမ်ရာ၊ ရွှေလင်ပန်းမှာရှိတဲ့နေရာနဲ့ ရိုးမအိမ်ရာတွေထဲမှာ ထပ်မံပြီး တိုးချဲ့ပြင်ဆင်နေပါ တယ်။ ဒါကြောင့် ကုသရေးအနေနဲ့ အချိန်မီပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆင်သင့်ရှိနေပါတယ်။

 

ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကုသရေးနဲ့ ကာကွယ်ရေးကို ပေါင်းစည်းပြီး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအနေနဲ့ ဆောင်ရွက်နေသလို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ကို အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်ပြီး အင်နဲ့ အားနဲ့ ဝိုင်းဝန်းပြီး ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။