ကိုဗစ်-၁၉ ရောဂါကူးစက် ခံထားရသည့် စီရိုနယ်လ်ဒို  အီတလီနိုင်ငံသို့ ပြန်လာခြင်းက စည်းမျဉ်းကို ချိုးဖောက်ခြင်းဟု အီတလီ အားကစားဝန်ကြီး ရှုမြင်

၁၆ အောက်တိုဘာ

 

 

ဂျူဗင်တပ် တိုက်စစ်မှူး စီရိုနယ်လ်ဒို အနေနဲ့ နိုင်ငံတကာ ပွဲစဉ်တွေအပြီး မနေ့ ( အောက်တိုဘာ ၁၅ ရက်) ညနေမှာ ပေါ်တူဂီကနေ  အီတလီကို ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လာခြင်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ မိမိ ယူဆကြောင်း အီတလီအားကစားဝန်ကြီး စတာဒါဖာရိုက ဆိုပါတယ်။

 

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့သူ တစ်ယောက် အနေနဲ့ ခရီးသွားလာမှုပြုပြီး အခြားနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာခြင်းက  စည်းမျဉ်းနဲ့ မကိုက်ညီဘူးလို့ စတာဒါဖာရိုက ယူဆတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ကတော့  သူ့ကစားသမားဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခြင်း မရှိဘဲ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး အီတလီနိုင်ငံထဲ ပြန်ဝင်လာခဲ့တာဖြစ်တယ်လို့  တုံ့ပြန်ထားတာပါ။ ဂျူဗင်တပ်အသင်းရဲ့  ထုတ်ပြန်ချက်မှာ  “ရိုနယ်လ်ဒိုအနေနဲ့ သက်ဆိုင်ရာဆေးဘက် အာဏာပိုင်များရဲ့ ခွင့်ပြုချက်အရ  လေယာဉ်နဲ့ အီတလီသို့ ပြန်လည်ဝင်ရောက်လာမည်” ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။ 

 

 

 စီရိုနယ်လ်ဒိုဟာ စပိန်၊ ပြင်သစ်၊ ဆွီဒင်တို့နဲ့ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွက် ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းခဲ့ချိန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံခဲ့ရတာကြောင့် ဆွီဒင်နဲ့ ပွဲမှာ ဝင်ရောက်မကစားဘဲ တစ်ကိုယ်တည်း သီးသန့်ခွဲနေခဲ့ရပါတယ်။ အခုတော့ ကလပ်အသင်းရှိရာ အီတလီကို ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လာခဲ့ပြီး နေအိမ်မှာပဲ တစ်ကိုယ်တည်း သီးသန့်နေထိုင်သွားမှာ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း