ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ကုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို မန္တလေးမြို့တွင် စတင်တည်ဆောက်လျက်ရှိ

မန္တလေး ၂၈ အောက်တိုဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ကုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို တည်ဆောက်လျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်းသည်  မန္တလာသီရိ အားကစားကွင်းအတွင်း HDU နှင့် Oxygen Therapy ကုတင် ၁၀၀ ပါဝင်သည့် ကုတင် ၃၀၀ ဆံ့ ကိုဗစ် - ၁၉ ရောဂါကုသရေးဌာန (ချမ်းမြသာစည်) ဧရာဝတီစင်တာကို စတင်တည်ဆောက်လျက်ရှိပြီး လုပ်ငန်းအမြန်ဆုံး ပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီစင်တာ တည်ဆောက်ရေးအတွက် ပြည်ပမှ မှာယူတင်သွင်းခဲ့သော Tent များ၊ ဆေးရုံသုံးကုတင်နှင့် ဆက်စပ်ပစ္စည်းများလည်း ရောက်ရှိနေပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးနိုင်မည့် Test & Care စင်တာတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း  ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာကို တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိသည်။  ရောဂါကူးစက်ခံထားရသည့် လူနာများအပြင် အရေးပေါ်လူနာများအား ကုသပေးနိုင်မည့် ICU နှင့် HCU စင်တာများကိုလည်း ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။ 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး