ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် တန် ၉၀၀ ဘိလပ်မြေစက်ရုံအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်

ဘားအံ  ၁၄  ဇူလိုင်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် တန် ၉၀၀ ဘိလပ်မြေစက်ရုံအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါစက်ရုံ အစည်းအဝေးခန်း၌ ပေးအပ်ခဲ့သည်။

 

ရှေ့ဦးစွာ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် တန် ၉၀၀ ဘိလပ်မြေ စက်ရုံမှ အာမခံအလုပ်သမား ၅၁၀ အတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ၁၃(ခ)(၂)နှင့် ပုဒ်မ ၁၀၀ တို့အရ လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ငွေကျပ် ၁၈၃၄၆၁၃၃ ဒသမ ၃၃ ကို ပေးအပ်ရာ တန် ၉၀၀ ဘိလပ်မြေစက်ရုံမှ ဒုတိယစက်ရုံမှူး ဦးအောင်ဇော်လေးက လက်ခံရယူသည်။

 

တန် ၉၀၀ ဘိလပ်မြေစက်ရုံသည် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဧပြီ ၂၀ ရက်က ယာယီပိတ်ထား ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သောစည်းကမ်းချက်များနှင့်အညီ စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်နှင့် ညီညွတ်ကြောင်း တွေ့ရှိရသဖြင့် မေ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကာ ယာယီရပ်နားခဲ့ သည့် ရက်ပေါင်း ၁၆ ရက်အတွက် ထည့်ဝင်ကြေးပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံကူညီမှုအကျိုးခံစားခွင့် ထုတ်ပေးခြင်းဖြစ်သည်။

 

ကရင်ပြည်နယ်အတွင်း တန် ၉၀၀ ဘိလပ်မြေစက်ရုံအပါအဝင် စက်ရုံအလုပ်ရုံ(၇)ခုမှ အလုပ်သမား ဦးရေ ၁၈၉၀ အတွက် ငွေကျပ် ၆၁၄၃၈၃၀၈ ကို လူမှုဖူလုံရေးအကျိုးခံစားခွင့်အနေဖြင့် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)