ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်ပြီး အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာတဲ့ စပိန်

ထွန်းသစ်စ

 

ကိုဗစ် - ၁၉ ရောဂါကြောင့် ဒုတိယသုံးလပတ်မှာ စပိန်တစ်သန်းကျော်ဟာ ခရီးသွားကဏ္ဍမှာ အလုပ်တွေ ဆုံးရှုံးခဲ့ကြပါတယ်။ သို့သော်လည်း စပိန်အစိုးရက အလုပ်အကိုင်ဈေးကွက်ရဲ့ အဆိုးဆုံးအခြေအနေက ကျော်လွှားလာခဲ့ပြီလို့ ပြောကြားလိုက်ပါတယ်။ အမျိုးသားစာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းက အလုပ်လက်မဲ့အရေအတွက်ဟာ ဧပြီလနဲ့ ဇွန်လမှာ ၅၅၀၀၀ အထိရောက်ရှိလာပြီး ၃ ဒသမ ၄ သန်းအထိ မြင့်တက်လာကြောင်း ဖော်ပြလိုက်ပါတယ်။

 

အလုပ်လက်မဲ့နှုန်းမြင့်တက်

 

ယူရိုဇုန်ရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးရှိရာ နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းဟာ ပထမသုံးလပတ်မှာ ၁၄ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ၁၅ ဒသမ ၃ ရာခိုင်နှုန်းအထိမြင့်တက် လာခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်သွားတဲ့ စပိန်နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ကို လျှော့ပေါ့တွက်ထားခြင်းသာ ဖြစ်ကြောင်း အမျိုးသား စာရင်းအင်းဆိုင်ရာအဖွဲ့အစည်းက ပြောပါတယ်။

 

အလုပ်လက်မဲ့အချက်အလက်တွေဟာ သုတေသန စစ်တမ်းတွေကို အခြေခံထားပါတယ်။ သုတေသန စစ်တမ်းက အလုပ်လက်မဲ့အနေဖြင့် အလုပ်အကိုင် ရှာဖွေသူများကို ထည့်သွင်းစာရင်းပြုစုထားခြင်း ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းက အလုပ်အကိုင် ရှာဖွေသူများအား အဟန့်အတားဖြစ်စေပါတယ်။

 

ဝန်ဆောင်မှုကဏ္ဍတွေ ပိုမိုထိခိုက်

 

သုတေသနစစ်တမ်းမှာ သန်းချီနားရက်ယူထားတဲ့ အစိုးရအလုပ်သမားတွေကို မထည့်သွင်းထားပါဘူး။

 

အဆိုပါ ကိန်းဂဏန်းတွေဟာ အလွန်ဆိုးကြောင်း၊ သမိုင်းမှာ အဆိုးဆုံးဆိုတာ သံသယရှိစရာ မလိုပါဘူးလို့ ယူဂျီတီသမဂ္ဂအဖွဲ့ ခေါင်းဆောင် ပီပီအယ်လ်ဗာရက်ဇ်က ရေဒီယို ဆာဒီနာဆာသို့ ပြောကြားလိုက်ပါတယ်။

 

ဒုတိယသုံးလပတ်မှာ အလုပ်နဲ့ ထိတွေ့ရတဲ့နာရီ အရေအတွက်ဟာ မမျှော်မှန်းနိုင်လောက်အောင် ကျဆင်းလာခဲ့တယ်လို့ အမျိုးသားစာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းက ပြောပါတယ်။ ။

 

ကဏ္ဍအားလုံးမှာရှိတဲ့ စီးပွားရေးတွေအားလုံး ကိုဗစ် - ၁၉ ကြောင့် ထိခိုက်ခဲ့သော်လည်း ဝန်ဆောင်မှုကဏ္ဍတွေမှာ အထူးတလည် ထိခိုက်ခဲ့တဲ့အတွက် အလုပ်အကိုင်ဆုံးရှုံးမှု ၈၁၇၀၀၀ အထိရှိခဲ့ပါတယ်။

 

ကိုဗစ် - ၁၉ ကြောင့် ပိတ်ထား

 

အလုပ်ဆုံးရှုံးမှုများတွင် ဈေးဆိုင်များ၊ စားသောက် ဆိုင်များ၊ ခရီးသွားကဏ္ဍများ ပါဝင်ပြီး သူတို့ကိုကိုဗစ် -၁၉ ကြောင့် ပိတ်ထားရပါတယ်။ ခရီးသွားကဏ္ဍဟာ စပိန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ထောက်တိုင်ကြီးတစ်ခု ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ရဲ့ ၁၂ ရာခိုင်နှုန်းလောက် ရှိပါတယ်။

 

ဆောက်လုပ်ရေးနဲ့ စက်မှုကဏ္ဍတွေမှာလည်း အလုပ်အကိုင်ပေါင်း တစ်သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ စိုက်ပျိုးရေး ကဏ္ဍမှာတော့ ထိခိုက်မှုနည်းခဲ့ပြီး အလုပ်အကိုင်ဆုံးရှုံးမှု ၂၁၄၀၀ အထိရှိခဲ့ပါတယ်။

 

အခုအချိန်မှာတော့ ကို ဗစ် - ၁၉ ကူးစက်မှုဟာ အနည်းငယ် လျော့နည်းလာခဲ့တဲ့အတွက် စီးပွားရေး ပြန်လည်တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်လို့ အယ်လ်ဗာရက်ဇ်က ပြောကြား လိုက်ပါတယ်။ ဒါကြောင့်မို့ နေ့တိုင်းဟာ ခက်ခဲမှုတွေနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့ ၎င်းက ဆက်လက်ပြောကြား လိုက်ပါတယ်။ ။

 

အဓိကထိုးနှက်ချက်ကြီးဖြစ်

 

ဥရောပမှ စပိန်နိုင်ငံဟာ ကိုဗစ် - ၁၉ ဒဏ်ကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကြောင့် လူပေါင်း ၂၈၄၀၀ ကျော် သေဆုံးခဲ့ပြီး ကူးစက်ခံရသူပေါင်းဟာလည်း သုံးသိန်းအထိ ရှိလာခဲ့ပါတယ်။

 

ဗြိတိန်နိုင်ငံမှာလည်း မကြာသေးမီက ကိုဗစ် - ၁၉ ကူးစက်မှုတွေ မြင့်တက်လာတဲ့အတွက် စပိန်နိုင်ငံကပြန်လာတဲ့ သူတွေအားလုံးကို အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေနဲ့ သီးသန့်စောင့်ကြည့်လျက်ရှိပါတယ်။ ဒါကလည်း စပိန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို အဓိကထိုးနှက် ချက်ကြီးတစ်ခုဖြစ်ပါတယ်။

 

ပြန်လည်နာလန်ထ နှေးကွေး

 

ဗြိတိန်နိုင်ငံသားတွေဟာ စပိန်ကိုသွားရောက်တဲ့ အများဆုံးသော ခရီးသွားတွေပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ စပိန်ကို သွားရောက်အပန်းဖြေတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ ၁၈ သန်းလောက်ရှိခဲ့ပါတယ်။

 

ဇူလိုင် ၂၈ ရက်က ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ကတ်တလိုနီးယားဒေသအပါအဝင် စပိန်နိုင်ငံကို ခရီးသွားလာခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းပြောကြား လိုက်ပါတယ်။ ။

 

နောက်ဆုံးအလုပ်လက်မဲ့ စာရင်းဇယားတွေအရ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ ပြန်လည်နာလန်ထလာတာ နှေးကွေးတယ်ဆိုတာကို ဖော်ပြထားပါတယ်လို့ အဒက်ကို အုပ်စုညွှန်ကြားရေးမှူး ဂျာဗီရာ ဘလက်စ်ကို က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပိုလို့တောင်ယိမ်းယိုင်

 

စီးပွားရေးဝန်ကြီး နဒီရာ ကယ်လ်ဗီနိုက အင်္ဂါနေ့ စာရင်းတွေက အတိတ်ရဲ့ ရလဒ်တွေပဲလို့ ပြောကြားလိုက်ပြီး မကြာသေးမီက ဖော်ပြခဲ့တဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေအရ စီးပွားရေး ယိမ်းယိုင်မှုကို ဖော်ပြနေတယ်လို့ ပြောကြားလိုက်ပါတယ်။

 

အလုပ်သမားဈေးကွက် အဆိုးဆုံးအခိုက်အတန့်ကတော့ ဧပြီလကုန်ပဲဖြစ်ပါတယ်လို့ သူက ဆက်လက် ပြောကြားလိုက်ပါတယ်။

 

ကိုဗစ် -၁၉ ကပ်ရောဂါဟာ အရင်ကတည်းကမှ အခြေအနေမကောင်း ကောင်းအောင်လုပ်ထားတဲ့ အလုပ်သမားဈေးကွက်ကို ပိုလို့တောင် ယိမ်းယိုင်စေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က အလုပ်လက်မဲ့နှုန်းဟာ ၂၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

 

အလုပ်လက်မဲ့နှုန်း တိုးလာမယ်လို့ခန့်မှန်း

 

အဲဒီအချိန်မှစပြီးအခြေအနေတွေဟာ တဖြည်းဖြည်း နဲ့တိုးတက်လာပြီး ၂၀၁၉ ခုနှစ်ကုန်မှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါဟာ နှစ်များစွာ အတွင်းမှာ အကောင်းဆုံးသော ကိန်းဂဏန်းတစ်ခု ဖြစ်ပါတယ်။ ။

 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က စပိန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ၂၀ ဒသမ ၈ ရာခိုင်နှုန်း အထိတိုးလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ စပိန်အစိုးရကတော့ ၁၉ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ