ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသော တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

စေတုတ္တရာ  ၅  ဧပြီ     

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်း‌ရွှေ့ ရောက်ရှိလာသော တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

 

20

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဆေးရုံ ခွဲစိတ်ဆရာဝန် ဒေါက်တာဆာကပေါ်မှူးက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ဟောပြောရာတွင် ရောဂါလက္ခဏာများအကြောင်း၊ ကာကွယ်ရန်လိုက်နာရန် နည်းလမ်းများ၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏အတူနေ မိသားစုဝင်များ လိုက်နာရန်အချက်များ၊ အိမ်တွင်နေထိုင်စဉ် လိုက်နာရမည့် အချက်များနှင့် ဒေသခံများအနေဖြင့် ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သတင်းပေးပို့ခြင်းများဖြင့် လည်းကောင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

2838

 

ဆက်လက်၍ စေတုတ္တရာမြို့နယ်အတွင်း ခွေးမလောင်၊ ဆင်ခြေပို၊ အောက်ဝေါနှင့် ဖအိုင်းအနောက် ကျေးရွာ(၄)ရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၉)စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများအား ပေးအပ်ရာတွင် Myanmar SCM Magway Region အဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အရှိုချင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ အဖွဲ့တို့မှ   ဆန်၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းမှ အိမ်ထောင်စု (၆)စု အတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်း(၅)မျိုးစီ အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)