ကိုဗစ်-၁၉ ရောဂါအခြေအနေ ကြောင့် ပြည်တွင်း၊ ပြည်ပရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ရပ်ဆိုင်း

ရန်ကုန်  ၈   ဧပြီ

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ရပ်ဆိုင်းနေရကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် CEC၊ မြန်မာ မာရှယ်ဂရုမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက ပြောသည်။

"ဒီရာသီမှာ ရိုးရာလက်ဝှေ့ကစားသမားတွေ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေကြပါ။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် တရုတ်၊ထိုင်ဝမ်မှာ ကျင်းပမယ့်ပြိုင်ပွဲများနဲ့ ဇွန် ၆ ရက် ဂျပန်မှာ ကျင်းပမယ့် စီစဉ်ထားတဲ့ပြိုင်ပွဲတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ ပြည်တွင်းမှာဆိုရင် သင်္ကြန်ရုံးပိတ်ရက် ဧပြီ ၁၀ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မယ့် ကွင်းပိတ်ရိုးရာ လက်ဝှေ့ပွဲကို ရုပ်သံမှပြသဖို့ အစီအစဉ်လည်း ရပ်ဆိုင်းလိုက်ရပါတယ်" ဟု ဦးဝဏ္ဏက ဆက်လက်ပြောသည်။ 

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရပ်နားနေရတဲ့ လက်ဝှေ့ကစားသမားတွေရဲ့ စားဝတ်နေရေးအတွက်ကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် အလှူရှင်များက ကလပ် ၁၂ ခုကို အစားအစာများ ထောက်ပံ့လှူဒါန်းနေပါတယ်။ ကစားသမားများတဲ့ ကလပ်ဆိုရင် ဆန် ၂ အိတ်၊ ဆီ ၅ ပိဿာ၊ ရေချိုငါးပိ ၅ ပိဿာ၊ ငါးမြစ်ချင်း ၁၂ ပိဿာ၊ အာလူး ၅ ပိဿာ ထောက်ပံ့ပေးသလို ကစားသမားနည်းတဲ့ ကလပ်ဆိုရင် နည်းသလို ထောက်ပံ့ပေးနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ 

အဆိုပါ ရိုးရာလက်ဝှေ့ ကလပ်များသည် ရန်ကုန်၊ တွံ့တေး၊ ပဲခူးရှိကလပ်များမှ ကစားသမား၊ နည်းပြ ၁၂၀ ဦး ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နှင့် အလှူရှင်များသည် မန္တလေး၊ ကရင်၊ မွန်ပြည်နယ်ရှိ ကလပ်များသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

တင်စိုး(မြန်မာ့အလင်း)