ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသဖြင့် မြန်မာ-ထိုင်း နယ်စပ် ဘီပီ-၁၃ (ဟွေတနွန်)ဂိတ်အား ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်

မယ်စဲ့ ၂၁ စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ အစပြု၍ ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ကူးစက်မှုဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ နေ့စဉ်ကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လာမှုကြောင့် နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက်ဖြစ်သည့် ထိုင်းနိုင်ငံ၊ ခွန်ယွန်းမြို့နယ်၊ ဟွေတနွန်ဂိတ် (မယ်စဲ့ ဘီပီ-၁၃ ဂိတ်)အား ထိုင်းနိုင်ငံဘက်မှ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သိရသည်။

 

ယခင်က မယ်စဲ့ ဘီပီ-၁၃ ဂိတ်အား ထိုင်းနိုင်ငံဘက်မှ တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆိုပါရက်များတွင် လူအဝင်၊ အထွက်နှင့် ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်တွင် အတင်/အချ ပြုလုပ်ကာ နှစ်နိုင်ငံမှ ကားများဖြင့် လာရောက်သယ်ယူမှု ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ် ဟွေတနွန် ပူးပေါင်းစစ်ဆေးရေးဂိတ် (မယ်စဲ့ ဘီပီ-၁၃ ဂိတ်) အား လူ၊ ကားနှင့် ကုန်ပစ္စည်းများ အဝင်/အထွက်တို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း မယ်ဟောင်ဆောင် ဒုတိယခရိုင်ဝန် နိုင်ဆလွန်ဖွန်း၏ အမိန့်ကြေညာစာ ထုတ်ပြန်ချက်အရ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)