ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ခုတင် ၁၀၀ ဆံ့ အရေးပေါ်ယာယီတိုးချဲ့ဆောင် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရန်ကုန် ၂၃ နိုဝင်ဘာ


ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ခုတင် ၁၀၀ ဆံ့ အရေးပေါ် ယာယီတိုးချဲ့ဆောင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ်(၁)တွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

a1


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး  ဒေါက်တာ ဒေါ်မြင့်မြင့်အေး၊ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိုန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိုန်မှ ခုတင် ၁၀၀ ဆံ့ အရေးပေါ်ယာယီတိုးချဲ့ဆောင် ဆောက်လုပ်လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားနှင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များဖြင့် ကိုဗစ်-၁၉ ရောဂါအား တိုင်းဒေသကြီးအတွင်း ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် အစီအစဥ်များကို ပြောကြားသည်။


ယင်းနောက် ဆောက်လုပ်ပြီးစီးခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ခုတင် ၁၀၀ ဆံ့ အရေးပေါ် ယာယီတိုးချဲ့ဆောင်အား ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိုန်မှ ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ် လှူဒါန်းသည်။


ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်လူနာများအား ပါဝင်ကုသပေးနေသော ဆရာဝန် ဆရာမများနှင့် သူနာပြုများအတွက် အထွေထွေအသုံးစရိတ် ရန်ပုံငွေအဖြစ် ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်အောက်ရှိ ဝိတိုရိယဆေးရုံမှ ကျပ်သိန်း ၁၀၀ နှင့် A Bank မှ ကျပ် ၁၀၀ တို့အား တာဝန်ရှိသူတို့က လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကုန်ဆေးရုံကြီးရှေ့ရှိ ခုတင် ၁၀၀ ဆံ့ အရေးပေါ်ယာယီတိုးချဲ့ဆောင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)