ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား  နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော် ၉ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လည်းကောင်း၊ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လည်းကောင်း ယမန်နေ့က ဆက်လက်လက်ခံခဲ့ကြောင်း သိရသည်။

 

ထိုသို့လက်ခံခဲ့ရာ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ တာချီလိတ်၊ မူဆယ်၊ ကျိုင်းတုံ၊ ကလေး၊ မြ၀တီ၊ မိုင်းယု၊ မောင်တောတို့မှ ရောက်ရှိလာသူ အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၄၂ ဦးကို လက်ခံခဲ့ကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်း ပြည်သူ ၁၃၄ ဦးနှင့် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်း ပြည်သူ ၂၈၄ ဦးတို့အား လက်ခံထားရှိပြီးဖြစ်ကာ စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်