ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျက်ရှိ

ရန်ကုန်  ၂၁  စက်တင်ဘာ

ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံအနှံ့ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံ၌ ရောဂါပျောက်ကင်းသူများ ဆေးရုံမှဆင်းရာတွင် စစ်တွေမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ် အားရှင်များသည် လိုအပ်သည့်အကူအညီများ ပေးလျက်ရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်  ရောဂါကုသရေးဌာန(ဖောင်ကြီး)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာ အသွားအလာကန့်သတ်‌ စောင့်ကြည့်စခန်းနှင့် ကုသရေးဌာန၊ သင်္ကန်းကျွန်းမြို့နယ်ရှိ ကုသရေးဌာန (သုဝဏ္ဏ)တို့တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင်လည်းကောင်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဒေသအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသအချို့၌ မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်ရာတွင်လည်း အကူအညီလိုအပ်သူများအား ထောက်ပံ့ကူညီခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သွေးလိုအပ်သူများအတွက် အရေးပေါ်သွေးလှူဒါန်းခြင်းများကိုလည်း စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအောင်(MRCS)