ကိုဗစ်-၁၉ နဲ့ ဟိုက်ဒရိုစီလိုရိုကွင်း ဆေး

  ဧပြီ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာတွေကို ကုသရာမှာ သုံးဖို့အတွက် ဟိုက်ဒရိုစီကလိုရိုကွင်း ဆေးဝါးတွေကို အမြောက်အမြားထုတ်လုပ်ပြီး တင်ပို့ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။ နောက်တစ်ရက် အကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တယ်လီဖုန်းခေါ်ဆိုပြီး ဟိုက်ဒရိုစီကလိုရိုကွင်း ဆေးပိတ်ပင်ထားမှုကို ဖယ်ရှားမပေးရင် အမေရိကန်က တစ်ခုခုတုံ့ပြန်ရလိမ့်မယ်လို့ သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

ခြိမ်းခြောက်ဖို့မသင့်

အိန္ဒိယအစိုးရဟာ အမေရိကန်ရဲ့ တိုက်တွန်းချက်ကို စဉ်းစားသုံးသပ်နေဆဲဖြစ်ပြီး ဧပြီ ၇ ရက်မှာ အပြီးဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ခန့်မှန်းရကြောင်း ဒေသမီဒီယာက ဖော်ပြပါတယ်။ ဧပြီ ၆ ရက်က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတက ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ချပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ဝေဖန်ရေးသမားတွေကတော့ ကိုဗစ်-၁၉ ကိစ္စကို ရင်ဆိုင်ရာမှာ အိန္ဒိယဝန်ကြီးချုပ်က အကူအညီပေးအပ်ပါမယ်လို့ ကတိပေးထားတဲ့ အချိန်မျိုးမှာ ထရမ့်အနေနဲ့ ဒီလောက်ကြမ်းတမ်းခက်ထန်နေဖို့ မသင့်ဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

သံသယမေးခွန်းများ

တကယ်တမ်းမှာ သမ္မတထရမ့်နဲ့ ဝန်ကြီးချုပ်မိုဒီတို့ ခေါင်းဆောင်နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ခင်မင်ရင်းနှီးမှု အတော်အတန်ရှိနေပြီး ထရမ့်ဟာ မကြာသေးခင်ကမှ အိန္ဒိယကို အဆင့်မြင့်ခရီးစဉ်တစ်ခု သွားရောက်ထားတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ အမေရိကန်ကို တကယ်ပဲ အကူအညီပေးလိုတဲ့ သဘောထားမျိုး ရှိရဲ့လား၊ ပြီးတော့ ဟိုက်ဒရိုစီကလိုရိုကွင်းဟာ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရာမှာ တကယ်ပဲ အလုပ်ဖြစ်ရဲ့လားဆိုတဲ့ သံသယမေးခွန်းတွေကလည်း ထွက်ပေါ်နေပါတယ်။

ဟိုက်ဒရိုစီကလိုရိုကွင်းဆိုတာ

ဟိုက်ဒရိုစီကလိုရိုကွင်းဆေးဟာ ငှက်ဖျားရောဂါကုသရာမှာ လူသိအများဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဆေးတစ်လက်ဖြစ်တဲ့ ကလိုရိုကွင်းဆေးနဲ့ အတော်လေး ဆင်တူတယ်။ သို့သော်လည်း နာတာရှည်အဆစ်ရောင် ရောဂါတွေကိုပါ ကုသနိုင်တဲ့ အဲဒီဆေးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်အကြာက ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ ဆေးတစ်လက်အနေနဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။

အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု အဖွဲ့ (FDA)က ဒီဆေးကို ကိုဗစ်-၁၉ ကူးစက်ခံရတဲ့လူနာတွေကို ကုသဖို့အတွက် ခွင့်ပြုချက်ပေးထားတယ်လို့သမ္မတ ထရမ့်ကပြောပါတယ်။ FDA ကတော့ ခွင့်ပြုချက်ပေးမထား ဘူးလို့ ငြင်းဆန်နေပါတယ်။

နောက်ပိုင်းကျတော့ သမ္မတထရမ့်က လူနာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့ အရေးပေါ် အခြေအနေမျိုး မှာ ဟိုက်ဒီရိုစီကလိုရိုကွင်းဆေးကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆရာဝန်က ပေးခွင့်ရှိတယ်လို့ FDA က ထောက်ခံချက် ပေးထားတယ်လို့ ထပ်မံပြောကြားလာပါတယ်။ ဒီဆေးဟာ မှတ်ပုံတင်ထားတဲ့ ဆေးဝါးဖြစ်တာကြောင့် အရေးကြီးတဲ့ အခြေအနေမျိုးမှာ ဆရာဝန်တွေက ဟိုက်ဒရိုစီကလို ရိုကွင်းဆေးကို အသုံးပြုဖို့ ညွှန်ကြားနိုင်တယ်လို့ ဆိုပါတယ်။

အမှန်တကယ်အကူအညီပေးမလား

ဟိုက်ဒရိုစီကလိုရိုကွင်းဆေးကိုဆေးအရောင်းဆိုင်တွေရဲ့ ကောင်တာမှာ ဝယ်ယူရရှိနိုင်ပြီး ဈေးကလည်းသိပ်ပြီး မများတဲ့ဆေးပါ။ ဒါပေမယ့် ကိုဗစ် -၁၉ကို ကုသနိုင်ဖွယ် ရှိတဲ့ဆေးအဖြစ် စတင်သတ်မှတ်လာကြတဲ့ အချိန်ကစပြီး

ဆေးကို ဝယ်ယူခွင့်ရှိတဲ့ ပမာဏနဲ့ အသုံးပြုမှုကိုတော့ အတော်လေးတင်းတင်းကျပ်ကျပ်ကန့်သတ်ထားပါတယ်။ ဧပြီ ၅ ရက်မှာ အိန္ဒိယက ဟိုက်ဒရိုစီကလိုရိုကွင်းဆေး တင်ပို့ရောင်းချမှုကို ခြွင်းချက်မရှိ ပိတ်ပင်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာအရေ အတွက် ပိုပြီးမြင့်တက်လာနေတာတောင်မှ အစိုးရက ရောင်းချမှုကို ပိတ်ပင်ခဲ့တာပါ။

ပြန်လည်စဉ်းစားသုံးသပ်မလား

အိန္ဒိယနိုင်ငံမှာ လက်ရှိ ကိုဗစ် -၁၉ ကူးစက်ခံရတဲ့ လူနာအရေအတွက်ဟာ အခုဆိုရင် ၃၆၆၆ ဦးအထိ ရှိနေပြီး သေဆုံးသူ ၁၀၀ ကျော် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ နောက်ဆုံးကိန်းဂဏန်းဖော်ပြချက်တွေအရ သိရပါ တယ်။ သို့သော်လည်းပဲ သမ္မတထရမ့်က အိန္ဒိယဝန်ကြီး ချုပ် မိုဒီကို ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဖြစ်နိုင် တာကို ပြောရရင် အိန္ဒိယအစိုးရက ဟိုက်ဒရိုစီကလိုရိုကွင်း ဆေး ပိတ်ပင်မှုနဲ့ပတ်သက်ပြီး သဘောထားရပ်တည်ချက် ကို ပြန်ပြီးစဉ်းစားသုံးသပ်မယ့်သဘော ရှိနေသလိုပါပဲ။

တစ်ကမ္ဘာလုံးသို့ ဖြန့်ဖြူးရောင်းချနိုင်စွမ်း

လာမယ့်အနာဂတ်မှာ ပြည်တွင်းလိုအပ်ချက်က ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ထည့်သွင်းစဉ်းစားပြီးရင် အစိုးရက ဟိုက်ဒရိုစီကလိုရိုကွင်း ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖွယ်ရှိတယ်လို့ အစိုးရသတင်း အရင်းမြစ်တစ်ခုက ပြောကြားခဲ့မှုကို ကိုးကားပြီး ဒေသ မီဒီယာက ဖော်ပြပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကမ္ဘာ့ အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှိတဲ့ နိုင်ငံတွေ ထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယဟာ ၎င်းရဲ့ ဆေးဝါးတွေကို တခြားနိုင်ငံတွေဆီ အမှန်တကယ် ဖြန့်ဖြူးရောင်းချပေး နိုင်စွမ်းရှိရဲ့လားဆိုတဲ့ အချက်ဖြစ်ပါတယ်။

အိန္ဒိယဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာရွှတ်ခ်ကူမားမာ ဒန်ကတော့ အဲဒီမေးခွန်းကို ဟုတ်ကဲ့၊ ရောင်းချပေးနိုင်ပါတယ်ဆိုပြီး ဖြေဆိုထားပါတယ်။ အိန္ဒိယအနေနဲ့ ပြည်တွင်း ဈေးကွက်အတွက်သာမက တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွက်ပါ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တာ သေချာတယ်။ အရင်ဆုံးအနေနဲ့ ပြည်တွင်း အတွက် ဦးစားပေးထုတ်လုပ်နေတယ် ဆိုသော်ငြား လည်း ကျွန်ုပ်တို့မှာ ဒီထက်ပိုပြီး ထုတ်လုပ် ဖြန့်ဖြူးနိုင် စွမ်းရှိတယ်လို့ ၎င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ဝင်နေဆဲဖြစ်

ဟိုက်ဒီရိုစီကလိုရိုကွင်းဆေးကို ထုတ်လုပ်ရာမှာ သုံးတဲ့ ဆေးဝါးပါဝင်ပစ္စည်းတင်ပို့မှုကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ကန့်သတ်မှုတွေ လုပ်ဆောင်နေတယ် ဆိုတဲ့သတင်းတွေ မမှန်ကန်ကြောင်းကိုလည်း မစ္စတာ မာဒန်က ငြင်းဆန်ထားပါတယ်။ ဆေးထုတ်လုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းနီး ပါးကို တရုတ်နိုင်ငံဆီက ရရှိတယ်ဆိုတဲ့အချက်ကို ၎င်းက အသိအမှတ်ပြု ဝန်ခံထားပြီး တရုတ်ကလာတဲ့ အဲဒီပစ္စည်းတွေဟာ ပင်လယ်ရေကြောင်းကနေရော လေကြောင်းကနေပါ ဖြည်းဖြည်းမှန်မှန် ဆက်ဝင်နေ တယ်လို့ ဆိုပါတယ်။

အထောက်အထားလိုအပ်

ဓာတ်ခွဲခန်းလေ့လာမှုတွေအရ ကလိုရိုကွင်းဟာ ကိုဗစ်-၁၉ကို ဟန့်တားနိုင်တယ်လို့ ထင်ရပြီး အထောက်အကူ ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့တဲ့ သက်သေအထောက်အထားအချို့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အမှန်တကယ်ရောဂါဖြစ်ပွား နေတဲ့လူနာတွေမှာ အဲဒီဆေးက ဘယ်လိုပြုမူ သက်ရောက်တယ်ဆိုတာကို ပြသဖို့အရေးကြီးတဲ့ ပြီးပြည့်စုံတဲ့ ကုသမှုဆိုင်ရာ စစ်ဆေးချက် အထောက်အထားတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။

ကလျာမိုးမြင့်

ကိုးကား-ဆင်ဟွာ၊ ဘီဘီစီ