ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပဲစိုက်တောင်သူများ ထိခိုက်မှု မရှိဟုဆို

မြောင်းမြ ၆ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားရေးနှင့် ကာကွယ်တိုက်ဖျက်ရေးကို ကျေးရွာများထိတိုင် ဆောင်ရွက်နေသည့်ကာလအတွင်း ပဲစိုက်တောင်သူများအနေဖြင့် ပဲနှုတ်သိမ်းရာသီတွင် ထူးထူးခြားခြား ထိခိုက်မှုမရှိကြောင်း သိရသည်။ အထူးသဖြင့် အိမ်မဲမြို့နယ်အတွင်း မတ်ပဲအများဆုံး စိုက်ပျိုးကြပြီး အိန္ဒိယမှ အဝယ်ရှိလာသည့်အတွက် ယခင်နှစ်ကထက် ဈေးကောင်းရနေကြောင်း သိရသည်။

 

"မတ်ပဲက ပိဿာချိန် ၃၀ တစ်အိတ်ကို ၃၁၀ဝဝိ ကျပ်ဈေးအထိရတယ်၊ အရင်နှစ်က ဈေးမရဘူး၊ ၂၀ဝ၀ဝိ ကျော်ကျော်လေးပဲရတယ်၊ ဒါပေမဲ့ ဒီနှစ်က ဈေးအကောင်းချည်းမဟုတ်ပေမဲ့ ပဲသိပ်မထွက်ဘူး၊ အပင်သေတာများတယ်" ဟု အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာနေ ပဲစိုက်တောင်သူ ဒေါ်ရီရီဆွေက ပြောသည်။

 

"အခုလက်ရှိမှာ မတ်ပဲက ပိဿာ ၃၀ ကို ၃၀ဝ၀ဝ/၃၁၀ဝ၀/ကျပ်ဈေး နဲ့ ပဲဒီစိမ်းက ၃၃၅၀ဝိ ကျပ်ဈေး ဖွင့်ပါတယ်၊ ကျွန်တော်တို့က ရန်ကုန်ထဲဘဲပြန်သွင်းတာဆိုတော့ ရန်ကုန်ဈေးကိုဘဲ မှီခိုပြီး ဝယ်ပါတယ်၊ မနှစ်က ပဲလုပ်တဲ့သူတွေ ရှုံးကြတယ်၊ ဒီနှစ်က ပဲဈေးလေးကောင်းလာပြန်တော့ ပဲအဆုတ် များတယ်၊ မထွက်ဘူး၊ ရာသီဥတုနဲ့ ပိုးမွှားကြောင့်လဲပါတယ်၊ ပိုးသတ်ဆေးတွေက အာနိသင်လျော့လာလို့လား၊ ဒါမှမဟုတ် ရောဂါပိုးတွေကပဲ ဆေးဒဏ်ယဉ်ပါးလာလို့ကြလို့လားတော့မသိဘူး၊ တောင်သူတွေဘက်က ပြောရရင်တော့ အရည်အသွေးမှီတဲ့ ပိုးသတ်ဆေးတွေ ထုတ်စေချင်ပါတယ်"ဟု အိမ်မဲမြို့နယ် ချမ်းမြေ့ခိုင် ပဲအဝယ်ဒိုင်မှ ဦးအေးကြည်က ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် တစ်နယ်လုံး မိုးစပါးပြီးတွင် ဆောင်းသီးနှံအဖြစ် မတ်ပဲ ၊ ပဲဒီစိမ်း ကို အများဆုံးစိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းသော မတ်ပဲတစ်ဧကလျှင် တင်း၂၀ မှ တင်း၂၅ တင်းအထိ ထွက်ရှိကြောင်း ပဲစိုက်တောင်သူများပြောကြားချက်အရ သိရသည်။

 

အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံတန်ချိန် ၄ သိန်း၊ ပဲဒီစိမ်းတန်ချိန် တသိန်းခွဲ နှင့် အခြားပဲအမျိုးမျိုးကိုလည်း တန်ချိန် တစ်သိန်းခွဲ ဝယ်ယူသွားမည်ဟု အိန္ဒိယနိုင်ငံ စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက မတ်လအတွင်း ပဲတင်သွင်းခွင့် ထုတ်ပြန်ပြီးနောက်ပိုင်း ပဲဈေးအထိုက်အလျောက် တက်လာခဲ့ကာ ဈေးကွက်အတွင်း မတ်ပဲ တစ်တန်လျှင် ငွေကျပ် ၉၈၅၀ဝ၀ /ဈေး နှင့် ပဲစင်းငုံ တစ်တန်လျှင် ငွေကျပ် ၇၁၀ဝ၀ဝ ဈေးခန့် ရှိလာကြောင်း ကုန်စည်ဈေးကွက်မှ  သိရသည်။

 

အောင်မင်း(မြောင်းမြ)