ကိုဗစ်-၁၉ ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ပိတ်ဆို့မှုချမှတ်ထားချိန် အခြေခံစားသောက်ကုန် ပြတ်လပ်မှုများ ဖြစ်ပေါ်

ဘန်ဂလော  ၈  ဧပြီ

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရန် တစ်နိုင်ငံလုံး ၂၁ ရက်ကြာ ပိတ်ဆို့ထားမှု ရက်သတ္တနှစ်ပတ် အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ကာ စားသောက်ကုန် လက်လီရောင်းချသူများမှာ ဈေးကွက်အတွင်း စားသောက်ကုန်နှင့်အဓိကကျသည့် အခြေခံကုန်စည်များ ရှားပါးပြတ်လပ်မှု ဖြစ်လာနိုင်သည့် အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ပိတ်ပင်ကာ စားသောက်ကုန်များရောင်းချမှုနှင့် ဝန်ဆောင်မှု များကိုပါ ရပ်နားလိုက်သည့်အတွက် ဈေးကွက်အတွင်း ဝယ်လိုအားကွင်းဆက် ပျက်ပြားမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။ လက်ကားဈေးကွက်အများအပြားမှာလည်း ပစ္စည်းပြတ်လပ် မှုများဖြစ်ပေါ်ခဲ့သည်။

အကယ်၍ ကုမ္ပဏီများနှင့် စက်ရုံများမှ ထုတ်ကုန်ပစ္စည်းများ ရောက်ရှိ လာစေကာမူ အဆိုပါကုန်စည်များကို ဈေးဆိုင်များနှင့် ဈေးဝယ်ကုန်တိုက်များသို့ ပို့ဆောင်ဖြန့်ဖြူးပေးမည့် ကုန်တင်ယာဉ်များနှင့် ယာဉ်မောင်းများ မရှိသည့် အတွက် ရောင်းကုန်ပစ္စည်းသိုလှောင်ရန်ပင် မရှိသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရသည်။

ပိတ်ဆို့မှုကာလအတွင်း အိန္ဒိယအစိုးရက မရှိမဖြစ် အရေးကြီးသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ပေးထားသော်လည်း ဒေသ ဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့အတွက် မည်သည့်ကုန်ပစ္စည်းက အရေး ကြီးပြီး မည်သည့်ပစ္စည်းက အရေးမကြီးကြောင်း ခွဲခြားနိုင်ရန် ရက်အနည်း ငယ်ကြာအောင် အချိန်ယူရသည်ဟု ဆိုသည်။

ဒေသအများအပြားတို့တွင် အဓိကကျသည့် အခြေခံကုန်စည်များကို ပို့ဆောင်ဖြန့်ဖြူးရန် ခွင့်ပြုချက် ပေးထားသော်လည်း ထုတ်လုပ်ရေးကွင်းဆက် တစ်ခုလုံးအတွက် ခွင့်ပြုချက်ရရှိရန်မဖြစ်နိုင်ကြောင်း စက်ရုံတာဝန်ရှိသူများက ပြောသည်။

ယူနီဘစ် ဘီစကွတ်စက်ရုံမှ အမှုဆောင်အကြီးအကဲ ဖြစ်သူ မစ္စတာစရင် ဗာစူလူက ဗူဒါရာဂီရီက ၎င်းအနေဖြင့် ဘီစကွတ်များကို ထုပ်ပိုးမှုမလုပ်ဘဲ ဖြန့်ချိရောင်းချ၍ မရနိုင်ကြောင်း၊ ဘန်ဂလောရှိ ၎င်း၏စက်ရုံကို ဧပြီ ၅ ရက် နေ့က ပိတ်ထားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က သယ်ပို့ယာဉ်များနှင့် အလုပ်သမားများ၏ သွားလာလှုပ်ရှားမှုများကို တားမြစ်ထားကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ရိုက်နှက်ထိန်းချုပ် ဟန့်တားမှုများ မကြာခဏ လုပ်ဆောင်သည်ဆိုသော သတင်းများကြောင့် စက်ရုံအလုပ်သမားများနှင့် ကုန်တင်ယာဉ်မောင်းသူများမှာလည်း လုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရွံ့လျက်ရှိကြောင်း METRO Cash & Carry လက်ကား ဖြန့်ချိရေးကုမ္ပဏီမှ စီမံခန့်ခွဲမှုဒါရိုက်တာ မစ္စတာ အာဗင် မီဒီရာတာက ပြောကြားခဲ့သည်။

တိုင်းမ်အော့ဖ်အိန္ဒိယ