ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်မြို့ရှိ လမ်းပေါ်နေကလေးများအား ဒုတိယအကြိမ်ထောက်ပံ့

ရန်ကုန် ၃  ဇူလိုင် 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း လမ်းပေါ်နေကလေးနှင့် မိသားစုများ ကြုံတွေ့နေရသော အခက်အခဲတို့ကို ကူညီဖြေရှင်းရန်နှင့် လိုအပ်သည့်အကာအကွယ်နှင့် ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်း စီမံချက်တစ်ရပ်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းစီမံချက်အရ စခန်းအခြေပြု တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အတွက် ရပ်ရွာအခြေုပြု တုံ့ပြန်ဆောင်ရွက်ခြင်းနည်းလမ်းအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ)၊ TDHL၊ World Vision နှင့် Kinnected (မြန်မာ) တို့နှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးခြင်းဆိုင်ရာ ဆွေးနွေးပွဲအစီ အစဉ်များ၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင် ရန် ကလေးများ၏ နေအိမ်ကိုခြေရာခံခြင်းနှင့် ရပ်ရွာအခြေအနေကို အကဲခတ်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဇွန် ၆ ရက်မှ ၁၂  ရက်အထိ (၈၃) ဦးနှင့် ဇွန် ၂၃ ရက်တွင် (၁၇) ဦး စုစုပေါင်း လမ်းပေါ်နေကလေးမိသားစု (၁၀၀) အတွက် အခြေခံစားသောက် ကုန်ပစ္စည်းများကို ပထမအကြိမ် အဖြစ် ထောက်ပံ့ခဲ့သည်။ 

 

စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု ဒုတိယအကြိမ်အဖြစ် လမ်းပေါ်နေကလေး အိမ်ထောင်စု (၁၂၆) စုတည်ရှိရာ ဒေါပုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းနှင့် ဒလမြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ ထောက်ပံ့လျက်ရှိရာ ယနေ့တွင် လှိုင်သာယာ (၅၂) စု၊ မြောက်ဥက္ကလာပ (၇) စု၊ ဒေါပုံ (၂၈) စုနှင့် ဒဂုံဆိပ်ကမ်း (၃၉) စုတို့ထံ သွားရောက်ထောက်ပံ့လျက်ရှိပြီး ကျန်ရှိနေသည့် ဒဂုံဆိပ်ကမ်း (၃၉) စုအား ဇူလိုင် ၇ ရက်တွင် ထောက်ပံ့သွားမည်ဖြစ်သည်။ 

 

ယခုစီမံချက်မှ သတင်းအချက်အလက် ကောက်ခံ ရရှိသော အိမ်ထောင်စု စုစုပေါင်း (၂၂၆) စု ရှိပြီး ၎င်းတို့အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် စီမံချက်ကိုလည်း ကိုဗစ်-၁၉အလွန်တွင် ရေးဆွဲချမှတ်သွားမည်ဖြစ်သည်။ လက်ရှိဆောင်ရွက်နေသော ကိုဗစ်-၁၉ ကာလအတွင်း လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်သည် ကိုဗစ်-၁၉/ အရေးပေါ် ကာလအတွင်း လမ်းပေါ်နေကလေးများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ၎င်းတို့အပေါ် အလွဲသုံးစားပြုခြင်းအား ကာကွယ်တားဆီးနိုင်ခြင်းအပြင် အစိုးရအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့ အစည်းများကြား ပူးပေါင်းဆောင်ရွက်ခြင်း ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)