ကိုဗစ်-၁၉ ကာလအတွင်း ဆေးရုံအဖြစ် အသုံးပြုနိုင်ရန် ပြည်ရွှေသိင်္ဃဟိုတယ်အား လှူဒါန်း

ရွှေဘို ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဆေးရုံအဖြစ်အသုံးပြုနိုင်ရန် ပြည်ရွှေသိင်္ဃဟိုတယ် အဆောက်အအုံနှင့် အလှူငွေ (၅) သိန်းကျပ်ကို ဦးအောင်ကြီး၊ ဒေါ်မူမူသွင် သား ပြည့်ကုဋေနှင့် ရဲမောင်မောင်ခ မိသားစု (ပြည့်ကုဋေဆောက်လုပ်ရေးကုမ္ပဏီ) မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့  ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း ရွှေဘိုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်ထံမှ သိရသည်။

 

“ပြည်ရွှေသိင်္ဃဟိုတယ်အား ကိုဗစ်-၁၉ ရောဂါလူနာများထား၍ ကုသနိုင်ရန်အတွက် ယနေ့နံနက်က မိသားစုဝင်တွေနှင့် မန်နေဂျာတွေ အစည်းအဝေးမှာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်၊ ကိုဗစ်ကာလအတွင်း လိုအပ်ပါက ဆေးရုံအဖြစ် အသုံးပြုခွင့်ကို ဆုံးဖြတ်ခဲ့ပါတယ်၊  အဲ့ဒီနောက်  ဟိုတယ်အားဆေးရုံအဖြစ် အသုံးပြုခွင့်နဲ့ ငွေကျပ် (၅) သိန်းကို ရွှေဘိုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်နှင့် ဘဏ္ဍာရှာဖွေထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးတင်ဝင်း (TWS) တို့ထံ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်”ဟု   ပြည့်ကုဋေဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကြီးက ပြောသည်။

 

မိုးသောက် (ရွှေဘို)