ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့၀င်များ၏ အတွေ့အကြုံ၊ အခက်အခဲများသိရှိနိုင်ရေး ဆွေးနွေး

နေပြည်တော် ၂ ဇူလိုင်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြပြီး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က အသိအမှတ်ပြုဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များ၏ အတွေ့အကြုံ၊ အခက်အခဲများ၊ စိတ်ခံစားချက်များကို သိရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊  တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလတစ်လျှောက်လုံးတွင် ပြည်သူများမှ စေတနာ့ဝန်ထမ်းအလုပ်များကို မည်သူတိုက်တွန်းမှုမပါဘဲ မိမိအသိစိတ်ဖြင့် အားတက်သရော ပူးပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရသဖြင့် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏အချိန်၊ လုပ်အားတို့ကို ပေးဆပ်ခဲ့ကြသူများကို နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုလိုသည့်အတွက် စာရင်းများကောက်ယူဆောင်ရွက်ခဲ့ပြီး သင်တန်းများပေးခြင်း၊ လိုအပ်သည့် ပံ့ပိုးမှုများနှင့် အသိအမှတ်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိနေခဲ့ကြသူများ ရှိပါကလည်း စာရင်းများပေးပို့စေ လိုပါကြောင်း၊ ပြည်သူများနှင့်အတူ တိုင်းဒေသကြီး / ပြည်နယ်များရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန်ရေးကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလုပ်ငန်းများကို အတူပူးပေါင်းကူညီဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကို ကိုယ်တိုင်ကိုယ်ကျ ရင်ထိုးတံဆိပ်များ၊ ဂုဏ်ပြုကဒ်များ ပေးအပ်လိုသော်လည်း အခြေအနေအရ တစ်ဦးချင်း မပေးအပ်နိုင်သဖြင့် သက်ဆိုင်ရာဒေသများရှိ တာဝန်ရှိသူများထံ ရောက်အောင်သွားပြီး ပေးအပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယင်းသို့ တစ်ဦးချင်း မတွေ့ဆုံနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများနှင့် Online တွေ့ဆုံဆွေးနွေးခြင်းများ  ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များအနေဖြင့်  လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်လိုသည်များကို သိရှိလိုပါကြောင်းဝေးလံသည့် မိုင်းဆတ်၊ လင်းခေး၊ မောက်မယ်၊ မိုင်းယောင်း၊ မိုင်းပန်၊ တာချီလိတ် စသည့်ဒေသများမှ စေတနာ့ဝန်ထမ်းများနှင့် Online ဖြင့် ဆွေးနွေးခွင့် ရရှိခြင်းမှာ အားသာချက်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့၀င်များက ၎င်းတို့လုပ်ငန်းဆောင်ရွက်နေမှုများတွင် ပြည်ပမှ ပြန်လည်၀င်ရောက် လာသူများအတွက် ဂိတ်များတွင် နှာခေါင်းစည်းများ ဖြန့်ဝေပေးနိုင်ရေး လိုအပ်မှု၊ ကျောင်းဖွင့်ချိန်တွင် ကလေးသူငယ်များအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးများလိုအပ်မှု၊ အသိပညာပေးစာစောင်နှင့် ပိုစတာများကို တိုင်းရင်းသားဘာသာစကားဖြင့် ဆောင်ရွက်ပေးစေလိုမှု၊ ပြည်ပမှ ပြန်လည်၀င် ရောက်လာသူများထားရှိရာ Quarantine Centre အချို့အတွက် အစားအစာ၊ ရေနှင့် အိမ်သာ လိုအပ်မှု၊ အမျိုးသမီးများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးစေလိုမှု၊ ပိုးသတ်ဆေးဖြန်းပုံးများ ထောက်ပံ့ပေးစေလိုမှု၊ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းများအတွက် အလေးထား ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားရာတွင် ယနေ့ ဝေးလံသောဒေသများမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလပြီးဆုံး ခြင်းမရှိသေးသည့်အတွက် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့၀င်များအနေဖြင့် ပြည်သူများအား ထိရောက်သော ပညာပေးမှုများ၊ ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အားလုံးက အသိရှိသလို သတိထားနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့် စေတနာ့၀န်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ၏ လိုအပ်ချက်များကိုသိရှိပြီး တာ၀န်ရှိသူအဆင့်ဆင့်နှင့် ညှိနှိုင်းပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်