ကိုဗစ် - ၁၉ ၏ သတိပြုအပ်သော ထူးခြားသည့် ရောဂါလက္ခဏာများ

mdn

သတင်းဆောင်းပါး - ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ကပ်ရောဂါ အသွင်နဲ့ တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ပြင်းထန်စွာ ပျံ့နှံ့ကူးစက်နေပါတယ်။ ဗြိတိန် နိုင်ငံမှာ ဖြစ်ပွားနေမှုတွေကို ပညာရှင်တွေက လေ့လာကြပြီး တွေ့ရှိချက်အချို့မှာ ကိုဗစ် - ၁၉ ရောဂါရဲ့ ထူးခြားတဲ့ ရောဂါလက္ခဏာ အချို့ကို ဖတ်ရှုရပါတယ်။ ဒီအချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

အောက်စ်ဖို့ဒ်တက္ကသိုလ် ကူးစက်ရောဂါများ၏ ဆင့်ကဲတိုးတက်မှုဆိုင်ရာဂေဟဗေဒ လေ့လာရေးအဖွဲ့က ဗြိတိန် နိုင်ငံမှာ လူသန်းနှင့်ချီ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရမှုတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီကူးစက်ရောဂါဟာ ဗြိတိန်နိုင်ငံကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလလယ်လောက်က စတင်ရောက်ခဲ့မယ်လို့ ခန့်မှန်းပြီး ရောဂါပိုး မရောက်မီ တစ်လအလိုမှာ ရောဂါလက္ခဏာ ရှစ်မျိုးလောက် နိုင်ငံတွင်းလူတွေမှာ ခံစားနေခဲ့ရကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ နိုင်ငံသား ထက်ဝက်ခန့် ရောဂါကူးစက်ခံနေရပြီလို့လည်း ယူဆကြပါတယ်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာကတည်းက ရောဂါလက္ခဏာ ရှစ်မျိုးခန့် ခံစားကြရပြီး ဒီလိုတွေ ခံစားရမှုဟာ ကိုဗစ် - ၁၉ ရောဂါ ဝင်ရောက်တော့မယ် ဆိုတာ ပြသလိုက်တာပဲလို့လည်း ဆိုပါတယ်။ ဒီရောဂါလက္ခဏာရှစ်မျိုးဟာ အများ သတိပြုဖွယ်ဖြစ်ကြောင်း သိရပါတယ်။

 

၁။ မျက်စိပိုးဝင်ခြင်း၊ မျက်စိနာခြင်း

 

ကိုဗစ်ရဲ့ လက္ခဏာများမှာ conjunctivitis မျက်စိနာခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း လေ့လာမှုအသစ်တွေအရ သိရပါတယ်။ College of Optometrists မျက်စိ မျက်မှန်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရ သူတို့မှာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် မျက်စိကိုကူးစက်ပြီး မျက်ကြည် လွှာ ရောင်ရမ်းမှုတွေ ဖြစ်ကြောင်း သိရပါတယ်။ အခုတွေ့နေရတဲ့ ကိုဗစ်-၁၉ ရဲ့ ရောဂါလက္ခဏာတွေ မပြမီကပင် မျက်စိနာလာတတ်ကြောင်း ဒါဟာလည်း ကိုဗစ်-၁၉ ရဲ့ ထူးခြားတဲ့လက္ခဏာဖြစ်ပြီး သတိပြုသင့်ကြောင်း သိရပါတယ်။

 

၂။ ချောင်းခြောက်ဆိုးခြင်း

 

နေထိုင်ကောင်းနေလျက်နဲ့ ချောင်းဆိုး လာတတ်ပြီး ချောင်းမှာ ချောင်းခြောက်ဆိုး လာတတ်ပါတယ်။ ဆေးလိပ် သောက်လို့ အဆုတ်ရောဂါတစ်ခုခုကြောင့် ချောင်းဆိုးနေ တတ်သူနဲ့မတူတဲ့ ချွဲသလိပ်မပါတဲ့ ချောင်းဆိုးပုံ တွေ့ရပါတယ်။ နေ့တစ်ဝက်လောက်ကြာအောင် ချောင်းဆိုးတတ်ကြောင်း သိရပါတယ်။

 

 

၃။ စိတ်ပင်ပန်းနွမ်းနယ်ခြင်း

 

ကိုဗစ် - ၁၉ ရဲ့ ရောဂါလက္ခဏာတွေမှာ Mental Fatigue ကို ထည့်သွင်းထားလေ့မရှိသော်လည်း လေ့လာမှုတွေအရ ရောဂါ ကူးစက်ခံရသူတွေမှာ မဖျားနာမီ ထူးထူး ခြားခြား စိတ်ပင်ပန်းနွမ်းနယ်လာတာ ခံစား ရကြောင်း ပြောဆိုကြပါတယ်။ Thera Jourdan ဆိုသူ အမျိုးသမီးက သူ့လည်ချောင်း ထဲမှာ တစ်ခုခုနဲ့ ထိုးနေသလို ယားယံလာ တယ်၊ ခေါင်းလည်း ကိုက်လာတယ်။ တစ်ချိန်တည်းမှာပဲ Brain fog ခေါ်တဲ့ စိတ်ရှုပ်ထွေးတာ၊ အာရုံစူးစိုက်လို့မရတာ၊ မေ့တတ်တာ၊ စိတ်ထဲ မကြည်လင်တာမျိုး တွေ ခံစားရတယ်လို့ ဆိုပါတယ်။ အလုပ်ကို လည်း စိတ်မဝင်စားဘဲ အိပ်ရာထဲကိုသာ သွားလှဲနေလိုက်ချင်တယ်။ ချောင်းမဆိုး၊ မဖျားပေမယ့် အဲဒီလို နေထိုင်မကောင်းဘူး။ ချောင်းမဆိုးဘူးဆိုပေမယ့်လည်း အသက်ရှူ လမ်းကြောင်းက မကြည်လင်သလို ခံစားရ တယ်လို့ ဆိုပါတယ်။

 

၄။ ကိုယ်အပူချိန်မြင့်တက်ခြင်း

 

 ကိုယ်အပူချိန်က 100° F (37.7°C)လောက် မြင့်တက်လာတတ်ပါတယ်။ ရင်ဘတ်နဲ့ ကျော တွေက သိသိသာသာ ပူနေတတ်တယ်လို့ ဆိုပါတယ်။ ကျန်းမာနေသူတစ်ယောက် ကိုယ်အပူချိန်တက်လာတယ်ဆိုရင် သတိပြု ရပါတော့မယ်။

 

၅။ အသက်ရှူရခက်ခဲလာခြင်း

 

ရင်ဘတ်ထဲမှာ ကျပ်လာတယ်။ အသက်ရှူရ ခက်လာတယ်။ ဒီလိုဆိုရင် ကိုဗစ် - ၁၉ ကို စဉ်းစားရတော့မယ်လို့ ဆိုပါတယ်။ နဂိုက ကျန်းကျန်းမာမာရှိသူတွေ၊ လူငယ်လူလတ်တွေ၊ ရင်ကျပ်ပန်းနာရောဂါအခံ မရှိသူတွေ ဒီလိုခံစားလာရရင် သတိထားကြဖို့ ဖြစ်ပါတယ်။

 

၆။ အနံ့မရ၊ အရသာခံစားမရခြင်း

 

ဗြိတိသျှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များအသင်းက အနံ့မရတာ အရသာခံစားရ တာဖြစ်ခြင်းတို့ဟာ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ပိုးရဲ့ တိုက်ခိုက်မှု ဖြစ်ကြောင်းဆိုပါတယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ နှာခေါင်းနဲ့ လည်ချောင်းမှာခိုကပ်ပြီး အာရုံခံ ဆဲလ်တွေကို ထိခိုက်စေတာကြောင့် ဖြစ်တယ် လို့ဆိုပါတယ်။ ဒီလိုစတင်ခံစားမိပြီဆိုရင် self-isolate ကိုယ့်တစ်ယောက်တည်း ချက်ချင်းခွဲနေပါ၊ အိမ်သားတွေနဲ့ အတူမနေပါနဲ့ လို့ တိုက်တွန်းထားပါတယ်။ ကိုဗစ် - ၁၉ ကူးစက်နေတဲ့နိုင်ငံတွေမှာ တွေ့ရှိချက်တွေအရ ဗိုင်းရပ်စ်ပိုးတွေဟာ လူ့ခန္ဓာကိုယ်ထဲကို မျက်စိ၊ နှာခေါင်း၊ လည်ချောင်းတွေကတစ်ဆင့် ဝင်ရောက်နိုင်တယ်လို့ အဆိုပါဆရာဝန်များ အသင်းက ဆိုပါတယ်။

 

၇။ ဗိုက်နာခြင်း

 

အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရတတ်ပါတယ်။ အထူး သဖြင့် ဘာအကြောင်းမှမရှိဘဲ ဗိုက်နာလာပြီး ပျောက်သွားတတ်ပါတယ်။ အမေရိကန် အစာလမ်းကြောင်းဆိုင်ရာ ဆေးပညာဂျာနယ် မှာ အခုလို ဝမ်းဗိုက်ပြဿနာလေးတွေ ခံစားရခြင်းဟာ ကိုဗစ် - ၁၉ နဲ့ သက်ဆိုင် နေပါတယ်။ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ ဒီရောဂါပျံ့နှံ့နေစဉ် လေ့လာမှုအရ ရောဂါ ကူးစက်ခံနေရသူ ၂၀၄ ဦးတို့ရဲ့ ၄၀ ဒသမ ၅ ရာခိုင်နှုန်းတို့မှာ ဗိုက်နာတယ်။ ဝမ်းပျက် တယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။

 

၈။ မောပန်းနွမ်းနယ်ခြင်း

 

အအေးမိ၊ တုပ်ကွေးနဲ့ အခြားဗိုင်းရပ်စ် အဖျားရောဂါတို့လိုမှာပဲ မောပန်းနွမ်းနယ်၊ ခြေလက်မသယ်ချင် ဖြစ်နေတတ်ပါတယ်။ အိပ်ရာထဲမှာပဲ လှဲနေချင်ပါတယ်။ ဘာမှမလုပ် ချင်ပါဘူး။ အိပ်တော့လည်း အိပ်မပျော်ဘူး။ ချောင်းဆိုးရင်ကျပ်လာလို့ပေါ့။ ဒါဟာ ကိုဗစ်၁၉ ကြောင့်ပဲဆိုတာ သတိရှိစေချင် ပါတယ် စသည်ဖြင့် The Mirror သတင်းစာ 27.3.2020 မှာ ဖော်ပြထားတာတွေ့ရပါတယ်။

 

၁ ၃၂၀၂၀ ရက်နေ့က ဝင်ဘာလဘောလုံးကွင်းကြီးထဲမှာ ဘောလုံးပွဲ ကြည့်နေရင်းနဲ့ ချောင်းဆိုးလာတယ်။ နောက်နေ့တွေမှာ ပိုပြီးတော့ နေထိုင်မကောင်း ဖြစ်လာတယ်။ တစ်နေ့ပြီးတစ်နေ့ မောပန်းနွမ်းနယ်လာတယ် ကိုက်ခဲလာတယ်။ ချောင်းလည်း ပိုဆိုး လာတယ်။ ဒီလိုနဲ့ ရက်သတ္တသုံးပတ်လောက် ဖြစ်လာတယ်။ ဒါတွေကို ကျွန်တော် သိပ်အရေးမထားခဲ့ဘူး။ I am Hero လေ။ ကျွန်တော့်လောက် ကျန်းမာ ဘာရှိမလား။ ဘာမှဖြစ်လာနိုင်တဲ့သူ မဟုတ်ဘူးလို့ အထင် ကြီးခဲ့တယ်။ မိသားစုရဲ့ အကြံပေးမှုတွေကို လည်း ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးမသက်သာတော့တာနဲ့ ကျွန်တော့်ဇနီးက သူနာပြုယာဉ် ခေါ်ပြီး ဆေးရုံကိုပို့လိုက်တယ်။ ဆရာဝန်တွေ က ကျွန်တော်သာ တရုတ်ပြည်က ပြန်လာ တယ်ဆိုရင် ကိုဗစ် - ၁၉ ကူးနေပြီလို့ ပြောနိုင် တယ်တဲ့။ ပုံစံတွေက သိပ်တူနေတာကိုး။ ဒါနဲ့ကျွန်တော့်ကို လိုအပ်တာတွေ ဆက်လက် စစ်ဆေးကြပြီး ကျွန်တော့်မှာ ကိုဗစ်ဗိုင်းရပ်စ် ပိုးရှိနေပြီး သိပ်ကိုအရေးကြီးနေပြီဆိုပြီး အရေးပေါ်ကုသခန်းမှာ တစ်ကိုယ်ရေကာကွယ် ရေးဝတ်စုံတွေ ဝတ်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကုသပေးပါတယ်။ အသက်ရှူ စက်အပါအဝင် အရေးပေါ်ဆေးကုသမှု ကိရိယာတွေနဲ့ ကုသပေးပါတယ်။ ဒါပေမယ့် အခြေအနေက ဆိုးလာနေပါတယ်လို့ အသက် ၃၉ နှစ်ရှိ Matt Dockray ဆိုသူက ပြောပြပါတယ်။ သူဟာ လန်ဒန်မြို့ NHS ဆေးရုံကြီးမှာ ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေရဲ့ တိုက်ခိုက်မှုကို ခံစားနေရပါတယ်။ သူရဲ့ အသက်ရှူလမ်းကြောင်းဟာ ဆိုးဆိုးရွားရွား ပျက်စီးပြီလို့ ဆိုပါတယ်။ သူဟာ သေမင်းရဲ့ ခံတွင်းဝကို ရောက်နေပြီလို့လည်း သိရပြီး ဆရာဝန်တွေက အပြင်းအထန် ကြိုးစားကုသ နေကြပါတယ်။ သူ့မိသားစုနဲ့လည်း အရေးပေါ်ကုသခန်းတွင်းကနေသာ ဆက်သွယ် နိုင်ပါတော့ တယ်။

 

(Matt Dockray)

 

ဒီရောဂါဟာ သိပ်ပြင်းထန်တယ်၊ မပေါ့ဆ ကြနဲ့။ ကျွန်တော်ဟာ ပေါ့ဆမိခဲ့လို့ ဒီလိုခံစားရတာ Stay at home, Not to be Idiots တဲ့။ အိမ်မှာပဲနေကြပါ။ လူအ လူနာတွေ အဖြစ်မခံပါနဲ့လို့ သတိပေးသွားပါတယ်။

ကိုဗစ် - ၁၉ ရောဂါရဲ့ လက္ခဏာတွေကတော့ -

၁။ ကိုယ်အပူချိန်တက် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊

၂။ ချောင်းဆိုးခြင်း၊ သွေးပါလာတတ်ခြင်း၊

၃။ အသက်ရှူကျပ်ခြင်း၊ အဆုတ်ရောင်ခြင်း၊

၄။ ဝမ်းပျက်ခြင်း၊

၅။ ကြွက်သားများ ကိုက်ခဲခြင်းတို့ဖြစ်ပြီး ပြင်းထန်လာပါက သွေးဆိပ်တက် ခြင်း၊ အသက်ရှူလမ်းကြောင်းပျက်စီး ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ အထိဖြစ်စေကာ အသက်ဆုံးရှုံးနိုင် သည်အထိ ဖြစ်စေနိုင်ကြောင်း သိရပါ တယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါရဲ့ လက္ခဏာ တွေကို သေချာစွာ ဂရုပြုစောင့်ကြည့်ကြပြီး လိုအပ်သည်များကို အချိန်နဲ့တစ်ပြေးညီ  ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

စိုးရိမ်လွန်းခြင်းနဲ့ စိုးရိမ်နည်းခြင်း အစွန်း နှစ်ပါးရှောင်ကာ လိုအပ်သည်များ စုပေါင်း ဆောင်ရွက်ကြဖို့သာ ဖြစ်ပါတယ်ခင်ဗျား။

Source -

(COVID-19 is an emerging, rapidly evolving situation. Get the latest public health information from CDC: https:// www.coronavirus.gov. Get the latest research from NIH: https://www.nih.gov/ coronavirus).