ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားနိုင်မှုကို ကြိုတင်ခန့်မှန်း သိရှိနိုင်ရန်ရည်ရွယ်၍ ရောဂါဓာတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးကျင်းပ

နေပြည်တော် ၁၅ ဇူလိုင်

ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားနိုင်မှုကို ကြိုတင်ခန့်မှန်း သိရှိနိုင်ရန်ရည်ရွယ်၍ ရောဂါဓာတ်ခွဲ စစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအချိန်ကာလ၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုအနေဖြင့် ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်နေပြီး ပိုးတွေ့ရှိမှုနှုန်းများသည် မြင့်မားလာခြင်းမရှိဘဲ ပြည်ပမှပြန်လာ သူများတွင်သာ တွေ့ရှိနေရပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် တွေ့ရှိရသော ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရသူများဖြစ်ခြင်းကြောင့် လူထုအတွင်း ရပ်ကွက်၊ ကျေးရွာများအတွင်း ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူများမှတစ်ဆင့် ရောဂါဖြစ်ပွားမှုများ ရုတ်တရက် များပြားလာနိုင်သည်ဆိုသည့်အချက်ကို ဂရုပြုရမည် ဖြစ်ပါကြောင်း၊ ဤအချက်အပေါ် မူတည်၍ မိမိတို့သည် ဓာတ်ခွဲစစ်ဆေးမှုများကို ပိုမိုစစ်ဆေးရန်မှာ အရေးကြီးလာပြီဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါငုတ်လျှိုးနေသူများကို ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ သံသယလက္ခဏာရှိသော လူနာများအားလုံးကို ဓါတ်ခွဲစစ်ဆေးလျက်ရှိပြီး ယခုအခါ  ကိုဗစ်-၁၉ သံသယလက္ခဏာရှိသော လူနာအရေအတွက်သည်လည်း နည်းပါးလျက်ရှိပြီး တစ်နေ့လျှင် (၃၀) ပတ်ဝန်းကျင်ခန့်သာ ရှိနေသည်ကို တွေ့ရှိရခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသောလူနာနှင့် အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုရသူ အရေအတွက် နည်းပါးလာနေသော်လည်း မိမိတို့အနေဖြင့် နေ့စဉ် ကိုဗစ်-၁၉ ဓါတ်ခွဲ စစ်ဆေးမှုအရေအတွက်ကို ပိုမိုတိုးမြှင့်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမရှိကြောင်းကို သက်သေပြနိုင်မည်ဖြစ်ပါကြောင်း။

ရောဂါကူးစက်ခံရနိုင်ချေများသော ဆေးရုံဝန်ထမ်းများ၊ သတ်မှတ်နေရာအဆောက်အဦများ၌ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရသူများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် တာဝန်ထမ်းဆောင်နေကြရသော ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများကိုလည်း လိုအပ်သလို ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် လက်ရှိ ကိုဗစ်-၁၉ ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏကို ထပ်မံမြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ထပ်မံ၍ အခြားဓါတ်ခွဲနမူနာများ ရယူစစ်ဆေးသင့်သည်သူများကိုလည်း ဆွေးနွေးဆုံးဖြတ်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) အပါအဝင် ဆေးသုတေသနဦးစီးဌာန၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနများ၏ တစ်ရက်လျှင် အများဆုံးစစ်ဆေးပေးနိုင်သော အရေအတွက်ပမာဏ၊ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသည့်စက် ဓာတ်ခွဲပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတ်ခွဲခန်းများ၏ ဇီဝလုံခြုံမှု အဆင့်အတန်း၊ အတတ်ပညာရှင်နှင့် လူအင်အားအခြေအနေ လိုအပ်ချက်များကို ဆန်းစစ်သုံးသပ်ပြီး ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည်ကို ယခုထက်ပိုမိုမြင့်မားလာစေရန် အစီအစဉ်များ အမြန်ဆုံး ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လားရှိုးနှင့် တောင်ကြီးမြို့များတွင်လည်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနများ မကြာမီဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်ကြိုးစားလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာဌေးဌေးတင်တို့က ဓါတ်ခွဲဌာနအသီးသီးမှ နေ့စဉ်ဓါတ်ခွဲစစ်ဆေးပေးနိုင်မှု အခြေအနေ၊ အများဆုံးစစ်နိုင်သည့်ပမာဏ၊ ထပ်မံတိုးချဲ့စစ်ဆေးနိုင်ရန် အဏုဇီဝဗေဒ ပညာရှင်နှင့် ဓါတ်ခွဲပညာရှင်၊ ဓါတ်ခွဲပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများလိုအပ်ချက်၊ ဓါတ်ခွဲလူနာ ရယူရန်လိုအပ်ချက်၊ လက်ရှိအသုံးပြုနေသည့် RT-PCR စက်၊ Cobas 6800 စက်တို့အပြင် Gene X-pert စက်များဖြင့် ခရိုင်အဆင့်ဆေးရုံများတွင်  တိုးချဲ့စစ်ဆေးမည့်အစီအစဉ်၊ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးသင့်သည့် သူများအပါအဝင် ရေတို၊ ရေရှည်ကာလအတွက် ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးနိုင်မှု စွမ်းဆောင်ရည်မြင့်မားစေရေး ကိစ္စရပ်များကို Video conferencing စနစ်ဖြင့် ဆွေးနွေးကြသည်။

သတင်းစဉ်