ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ကောက်စိုက်စက်များဖြင့် မိုးစပါးများ ကူညီစိုက်ပျိုးပေး

အမရပူရ  ၂   ဩဂုတ်

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးများ စိုက်ပျိုးပေးခြင်းနှင့်ဒေသခံ တောင်သူများအား တွေ့ဆုံဆွေးနွေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂျိုရွာကျေးရွာတွင် ဩဂုတ် ၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

 

ထို့သို့ဆောင်ရွက်ရာ စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းအောင်၊ ခရိုင်ဦးစီးမှူး ဦးသိန်းထွန်းစံနှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ကျော်နှင့် တာဝန်ရှိသူများသည် ဒေသခံတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုသမှု (CERP) အစီအစဉ်အရ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဂျိုရွာကျေးရွာမှ ဒေသခံတောင်သူ ဦးညွန့်စိန်၏ အကွက်အမှတ် (၅၇၀/ခ) တွင် မိုးစပါးများ စိုက်ပျိုးနေမှုများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

အမရပူရမြို့နယ်အတွင်းရှိ စနစ်တကျ ဖော်ဆောင်ထားသော စက်မှုလယ်ယာမြေများဖြစ်သော တမုတ်ဆိုး ကျေးရွာမှ ဧက(၁၀၀)၊ ဒေါင်းရွေးကျေးရွာမှ ဧက(၂၀၀)နှင့် ဂျိုရွာကျေးရွာ မှ ဧက(၁၅၀) တို့ကို အမှတ်(၆၃) စက်မှုလယ်ယာ ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုသမှု (CERP)အစီအစဉ် အရ တောင်သူများ၏ အကျိုးစီးပွားထိခိုက်မှု လျော့နည်းစေရန်နှင့် မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ ထောက်ပံ့ပေးခြင်း၊ ထွန်ယက်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ခြင်း နည်းလမ်းများ မျှဝေဆောင်ရွက်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်း တို့ကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)