ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးသန့် မျိုးစေ့ ထုတ်လုပ်မှုများ ထောက်ပံ့ပေးလျက်ရှိ

နေပြည်တော် ၃  ဩဂုတ်

 

စိုက်ပျိုးရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုနှင့် အရည်အသွေး မြင့်မားရေးအတွက် မျိုးကောင်း မျိုးသန့် သီးနှံမျိုးစေ့များ ရရှိအသုံးပြုနိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည် ဟူသည့်အချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သွင်းအားစုများဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ အရည်အသွေးပြည့်ဝသော စပါးမျိုးစေ့များ အောင်မြင်စွာ ထုတ်လုပ်နိုင်ရန် မျိုးစေ့ထုတ် တောင်သူများအနေဖြင့် မျိုးစေ့ထုတ်လုပ်မှု နည်းပညာအဆင့်တိုင်းကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သြဂုတ် ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

 

ညွှန်ကြားရေးမှူးချုပ်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တိုက်ကြီးမြို့နယ် ယင်းတိုက်ကွင်း ကျေးရွာသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အဓိက အရေးပါသည့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်ချက်များနှင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးသန့်မျိုးစေ့ ထုတ်လုပ်မှုလုပ်ငန်းအား ထောက်ပံ့ပေးနေမှုတို့ကို ရှင်းလင်း ပြောကြားသည်။

 

ထိုမှတစ်ဆင့် ထန်းတပင်မြို့နယ် ရေပေါ်သောင်ကျေးရွာသို့ ရောက်ရှိကြပြီး တောင်သူများ၏ မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးလုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့်တွေ့ဆုံသည်။

 

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ လယ်ယာထွက်ကုန်များအရည်အသွေးနှင့် အထွက်နှုန်း မြင့်မားရေးတို့အတွက် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရန် တစ်နိုင်ငံလုံး၌ ယခုနှစ်မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက တစ်သိန်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးစရိတ် ထောက်ပံ့ ပေးအပ်လျက်ရှိသကဲ့သို့ လိုအပ်သော နည်းပညာ အကူအညီများကို စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများက အနီးကပ် ကြီးကြပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၅၉၂၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မိုးစပါးအနေဖြင့် စိုက်ပျိုးပြီးဧက စုစုပေါင်း ၉၀၄၅၄၄ ဧက ရှိသဖြင့် ၇၅ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားဧက အားလုံး ပြည့်ဝစွာစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန က သိရသည်။

 

ညီညီသန်း (နေပြည်တော်)