ကိုဗစ်-၁၉ အခြေအနေများကြားတွင် ဘေးကင်းလုံခြုံသော ရွေးကောက်ပွဲကျင်းပရာ၌ လိုအပ်သည့် အတွေ့အကြုံများကို မျှဝေပေးခဲ့သည့်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး ပြောကြား

mdn

ရန်ကုန် ၂၇ အောက်တိုဘာ

 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ အခြေအနေများကြားမှာ ဘေးကင်းလုံခြုံသော ရွေးကောက်ပွဲများ ဖြစ်လာစေရေးအတွက် လိုအပ်သည့်အတွေအကြုံများကို မျှဝေပေးခဲ့ကြောင်း ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးက “ရင့်ကျက်သော မြန်မာဒီမိုကရေစီအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ် လာမယ့်အထွေထွေရွေးကောက်ပွဲဟာ မကြာမီရောက်လာတော့မှာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံဟာလည်း ပြီးခဲ့တဲ့ ဧပြီလတုန်းက ကိုဗစ်-၁၉ အခြေအနေကာလမှာပဲ ရွေးကောက်ပွဲကို ဘေးကင်းကင်းနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ယခုလဆန်းပိုင်းက ကိုဗစ်-၁၉ အခြေအနေများကြားမှာ ဘေးကင်းလုံခြုံတဲ့ ရွေးကောက်ပွဲ ကျင်းပရာမှာ လိုအပ်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ကြပါတယ်။ ယနေ့ ကိုရီးယားသံရုံး၊ ကိုရီးယား Association နဲ့ ကိုရီးယားကုမ္ပဏီများက ကိုရီးယား Team ကို ဖွဲ့စည်းကာ  အောင်မြင်သော အထွေထွေရွေးကောက်ပွဲအတွက် ကိုရီးယားနိုင်ငံရဲ့ ထောက်ခံမှုကို ဖော်ပြနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။

 

ကိုရီးယားနိုင်ငံသည် တစ်ကမ္ဘာလုံးရိုက်ခတ်ခဲ့သည့် ကိုဗစ်-၁၉ ကာလ၊ ဧပြီလအတွင်းက ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ကိုရီးယားနိုင်ငံ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါရှိ လူနာများနှင့် Quarantine ဝင်နေကြသူများကို မဲပေးနိုင်စေရန်စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီးက “လတ်တလော ကာလအတွင်း ကိုရီးယားအစိုးရနဲ့ ကုမ္ပဏီများဟာ ရောဂါအလျင်အမြန်ရှာဖွေနိုင်တဲ့ Test Kits များအပါအဝင် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်တဲ့ ယခုနှစ်မှာ ပိုမိုခိုင်မာလာတဲ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ သွေးစည်းညီညွတ်မှုအတွက် ပိုမိုခိုင်မာနက်ရှိုင်းလာတယ်လို့ ခံယူမိပါတယ်။ ရန်ကုန်နေပြည်သူများအားလုံး ဘေးကင်းလုံခြုံဖို့နဲ့ ကျန်းမာကြစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ဂရုနာတော်နဲ့ လွှမ်းခြုံတဲ့ သီတင်းကျွတ်ဖြစ်စေဖို့ မျှော်လင့်မိပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲပေးခြင်းလုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်စေရန်စီစဉ်ဆောင်ရွက်လျက်ပြီး သက်မှတ်ရက်များတွင် ကြိုတင်မဲပေးရန် အကြုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေကြသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရန် အလို့ငှာ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှစတင်၍ သက်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို အောက်တိုဘာ ၂၅ ရက်နေ့ပါ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်