ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ကိုဗစ် - ၁၉ ရောဂါရင်ဆိုင် ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်း

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။         ။ ကိုဗစ် - ၁၉ ကူးစက်မှုတွေဟာ ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အတိုင်းအတာအပေါ် မူတည်နေပြီး ပူးပေါင်းဆောင်ရွက်မှုများရင် များသလို ရောဂါကူးစက်ဖြစ်ပွားမှု ကာလလည်း တိုတောင်းမှာ ဖြစ်ပါတယ်။

 

ကိုဗစ် - ၁၉ ဖြစ်ပွားမှု မများသေးတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ အနေနဲ့လည်း ဖြစ်တော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အလေးထား ဆောင်ရွက်ကြရမှာပါ။ ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းတွေဟာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်တာ ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးလို ရောဂါတွေပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

 

ကျွန်မတို့ရဲ့ ကိုဗစ်အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ကိုဗစ် - ၁၉ ရောဂါကို အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ခံစားခဲ့ရပြီး မှန်ကန်တဲ့ကုသမှုတွေ ခံယူကာ ပြန်လည်သက်သာ ပျောက်ကင်းလာသူတွေနဲ့ တွေ့ဆုံမေးမြန်း တင်ဆင်လာတာက အခုဆိုရင် တတိယမြောက် ရက်သတ္တပတ်ကို ရောက်ရှိလာပါပြီ။

 

ရောဂါကူးစက်ခံရသူတွေရဲ့ အတွေ့အကြုံတွေကို မိဘပြည်သူတွေထံ မျှဝေပေးဖို့အတွက် ဒီနေ့ရဲ့ ဆွေးနွေးပွဲမှာတော့ ပါမောက္ခဒေါက်တာဆန်းလင်း [ပါမောက္ခ / ဌာနမှူး၊ စိတ်ကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)] နဲ့အတူ ဗိုလ်တထောင်မြို့နယ်က ဦးမြင့်လွင်နှင့် ကိုဇော်မင်း အောင် တို့ကို ဖိတ်ခေါ်ထားပါတယ်။

 

ဟုတ်ကဲ့ပါ၊ အားလုံးပဲ မင်္ဂလာပါရှင်။ ပထမဆုံး ဆရာကြီးဒေါက်တာဆန်းလင်းအနေနဲ့ ကိုဗစ် - ၁၉ ရောဂါပိုးဟာ ဘယ်လိုမျိုးစပြီး ရောက်ရှိလာတယ်ဆိုတာကို သိချင်ပါတယ်။

 

ပါမောက္ခဒေါက်တာဆန်းလင်း။    ။ ကျွန်တော်တို့က ဆေးတက္ကသိုလ် (၂) တာဝန်ကျသလို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံလို့ခေါ်တဲ့ ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးမှာလည်း တွဲဖက်တာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ကူးစက်ခံရတဲ့အဖွဲ့ပေါ့နော်။ ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးမှာပါဝင်တဲ့ ဆရာပါမောက္ခ ဒေါက်တာတင်ဦးတို့နဲ့အတူ ကျွန်တော်တို့ ကူးစက်မှု ရရှိလာတာပါ။

 

အစီအစဉ်မှူး။         ။ ကိုဇော်မင်းအောင်အနေနဲ့ ကိုဗစ်ရောဂါပိုးက အစ်ကိုဆီကို ဘယ်လိုရောက်ရှိလာတာလဲ၊ ဘယ်လိုကူးစက်ခံရတာလဲ ဆိုတာကို ပြောပြပေးပါဦး။

ကိုဇော်မင်းအောင်။  ။ ကျွန်တော်နဲ့ အိမ်မှာအတူနေတဲ့ အဖေက အရင် တစ်ရက်၊ နှစ်ရက် လောက်က ဖျားတယ်။ ကျွန်တော်လည်း ကိုယ်ပူလာတဲ့အတွက် မိသားစုက သံသယရှိတာနဲ့ ဆေးရုံကို တစ်ခါတည်းသွား သတင်းပို့ပါတယ်။ အဖေ့ဆီကနေ တစ်ဆင့်ကူးစက်တဲ့ သဘောပါ။

 

အစီအစဉ်မှူး။         ။ အဲဒီတော့ ဦးမြင့်လွင်ကကော ဘယ်ကနေ စပြီးကူးတယ်ဆိုတာကို သိပါသလား။ Contact Person တွေ၊ ဘာတွေရှိလားရှင့်။

 

ဦးမြင့်လွင်။             ။ကျွန်တော်လည်း ဘယ်ကနေ ကူးမှန်းမသိပါဘူး။ သွားရင်း၊ လာရင်းနဲ့ဆိုတော့ အမှတ်တမဲ့ပဲ။ တစ်ရက်၊ နှစ်ရက် ကြည့်လိုက်တော့ နေရ၊ ထိုင်ရတာ သိပ်မကောင်းဘူး။ တစ်ရက်၊ နှစ်ရက်လည်း နေပြီးတဲ့အခါ အနံ့က နည်းနည်းပျောက်သွားတယ်။ ဒီတော့ မိသားစုနဲ့ တိုင်ပင်လိုက်တယ်။ ငါတော့ အနံ့ပျောက်သွားပြီ၊ ကိုဗစ် ဖြစ်သလား / မဖြစ်ဘူးလားတော့ မသိဘူး၊  ဆေးရုံသွားကြမယ်။ စစ်လိုက်တာတာ  ပိုကောင်းတယ်ဆိုပြီး   မိသားစု တိုင်ပင်လိုက်တယ်။ မိသားစုနဲ့ တိုင်ပင်ပြီး ကျွန်တော့်သမက် ဇော်မင်းအောင်နဲ့ ကျွန်တော်နဲ့ အင်းစိန်ဆေးရုံကို ၃၀ ရက် နေ့ကသွားလိုက်တာပါခင်ဗျာ။

 

အစီအစဉ်မှူး။         ။ ဒါဆိုရင် မိသားစုထဲမှာ ကူးစက်ခံရတာ ဘယ်နှစ်ယောက်များ ရှိမလဲရှင့်။

 

ဦးမြင့်လွင်။             ။ မိသားစုထဲမှာ ကူးစက်ခံရတာ ကျွန်တော် ဖြစ်တယ်ဆိုတော့ အားလုံး ၇ ယောက်ရှိတယ်။ အဲဒီ ၇ ယောက်လုံး အကုန်လုံးက Positive ဖြစ်ပြီး ကျွန်တော်နဲ့ ကျွန်တော့် သမက်က ဝေဘာဂီကို ရောက်တယ်။ ကျန်တဲ့ မိသားစုတွေက ဖောင်ကြီးကိုသွားပြီး ကုသမှုခံရတယ်။

 

အစီအစဉ်မှူး။         ။ ဆရာကြီး ဒေါက်တာဆန်းလင်းရှင့်။ ဆရာကြီးအနေနဲ့ ကိုယ်တိုင်က ဆရာဝန် တစ်ဦးလည်းဖြစ်တယ်။ ကိုဗစ်ရောဂါ ကိုယ့်ဆီမှာ စပြီးဖြစ်ပြီဆိုတာ သိရတဲ့အချိန်မှာ ဆရာကြီးအနေနဲ့ ဘယ်လိုခံစားရလဲရှင့်။

 

ပါမောက္ခဒေါက်တာဆန်းလင်း။    ။ကျွန်တော်စဖြစ်ပြီဆိုတဲ့အချိန်မှာ Contact ရပြီ။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အနံ့ပျောက်ပြီ၊ ဖျားနေပြီဆိုတာကို သတင်းကြားတာနဲ့ ကျွန်တော်က အိမ်မှာစပြီး Home Quarantine သဘောမျိုးနဲ့ အိမ်ကအခန်းထဲကနေ လုံးဝမထွက်တော့ဘူး။ ကျွန်တော် သီးသန့်ခွဲနေလိုက်တယ်။ သူကလည်း အဲဒီနေ့မှာ သွားစစ်လိုက်တော့ Positive ဖြစ်သွားတယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့အဖွဲတွေ စစ်တယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျွန်တော်တို့ကော သူ့ရဲ့ Contact ၂၀ ကျော်ကို စစ်တယ်။ အဲဒီအထဲမှာ ၁၄ ယောက် Positive ဖြစ်တယ်။

 

အဲဒီအချိန်မှာ ကိုယ်က လူနာတွေကို ကုသပေးနေရတဲ့ ဆရာဝန်တစ်ယောက်ဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကိုယ့်ကိုယ် ကူးစက်နိုင်တယ်ဆိုတာကို ခန့်မှန်းပြီးသားပါ။ ကိုယ့်အတွက် အလွန်အမင်း မပူပင်မဲ့ ကိုယ့်ရဲ့ မိသားစုတွေ၊ ကျန်တဲ့သူတွေကို ဆက်ပြီး ကူးစက်မှာကိုတော့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်း အားလုံးဟာ အဲဒီလို ခံစားရတာပါ။

 

အစီအစဉ်မှူး။         ။ ကိုဇော်မင်းအောင်အနေနဲ့ ကိုဗစ်ရောဂါ စဖြစ်ပြီဆိုတဲ့ အချိန်မှာ ဘယ်လို ခံစားရလဲ။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်အခြေအနေ၊ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုမျိုး ဆက်ဆံကြလဲ အဲဒါလေး သိချင်ပါတယ်။

 

ကိုဇော်မင်းအောင်။           ။ကျွန်တော် ရောဂါဖြစ်ပြီလို့ သံသယဖြစ်တာနဲ့ ဆေးရုံကို အရင်အကြောင်းကြားပြီး ဆေးရုံကို ရောက်သွားတယ်။ ရောက်သွားတယ်ဆိုတော့ ကျွန်တော်တို့ ဒီပတ်ဝန်းကျင်ဆိုတဲ့ဟာက အိမ်နီးနားချင်းတွေက ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတာပါတယ်။ ကျွန်တော်တို့နဲ့ ပတ်ဝန်းကျင်က အထိအတွေ့ မမြင်လိုက်ရဘူး။ ကျွန်တော်တို့က ဖုန်းနဲ့ပဲ သတင်းရလိုက်တဲ့ အနေအထားမျိုး ဖြစ်သွားတာပါ။ သူတို့က အကျိုးအကြောင်း ဖုန်းနဲ့ပဲ လှမ်းမေးကြတာပါ။ အပေါ်ထပ်၊ အောက်ထပ်တွေ အကုန်လုံးပါ။

 

အစီအစဉ်မှူး။         ။ ဆရာကြီးဒေါက်တာဆန်းလင်းရှင့်။ ဆရာအနေနဲ့ ဘယ်ဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ရသလဲ၊ ဆေးရုံတက်ရောက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးပါဦး။

 

ပါမောက္ခဒေါက်တာဆန်းလင်း။             ။ ကျွန်တော်တို့ ဖြစ်တဲ့အဲဒီရက်ပိုင်းက Positive လူနာတွေ အတော်များပါတယ်။ ကျွန်တော်တို့ဖြစ်တဲ့ စက်တင်ဘာလ  ၂၄ ရက်နေ့မှာ Positive လူနာတွေများတဲ့အတွက် ဆေးရုံကို ပို့မယ့်အချိန်မှာ ကျွန်တော်တို့ကို တစ်စုတဝေးတည်း ပို့ဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာလည်း ရောဂါပြင်းထန်တဲ့သူ ရှားပါတယ်။ Positive ပဲဖြစ်တယ်။ ဘာမှ သိသိသာသာ မဖြစ်ကြဘူး။ အဲဒီအထဲမှာ ကျွန်တော်က ဆီးချိုရောဂါအခံရှိတော့ ဆေးရုံသွားတက်ခိုင်းတယ်။

 

ကျွန်တော့်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ တောင်ဥက္ကလာပဆေးရုံကိုပို့တယ်။ ကျန်တဲ့သူတွေထဲမှာ နောက်ထပ် ၃ ယောက်မှာ ၂ ယောက်က ဝေဘာဂီကို ရောက်တယ်။ ဆရာ ပါမောက္ခ ဒေါက်တာတင်ဦးက တောင်ဥက္ကလာပဆေးရုံကို ရောက်လာတယ်။ ကျန်တဲ့သူတွေက ရောဂါလက္ခဏာ အပြင်းအထန်မပြတော့ ရွာသာကြီးဆေးရုံမှာပဲ သူတို့ကို သီးသန့်ထားပြီး ၁၁ ရက်ပြည့်တဲ့နေ့မှာ အိမ်ပြန်သွားကြတယ်။ အခုဆို အကုန်လုံး အတူတကွ အလုပ်တွေ ပြန်လုပ် နေကြပါပြီ။

 

အစီအစဉ်မှူး။         ။ ဦးမြင့်လွင်ရှင့်၊ ဦးအနေနဲ့ အသက်အရွယ်ရလာတဲ့ အနေအထားမှာ ကိုဗစ်ရောဂါ ခံစားရတဲ့အချိန် ဆေးရုံကိုတက်ရောက်ပြီး ကုသမှုခံယူရတဲ့အပိုင်းမှာ ဘယ်လိုမျိုးတွေ ကြုံတွေ့ခဲ့ရလဲ၊ ဘယ်လိုကုသမှုတွေ ခံယူခဲ့ရလဲ အဲဒါတွေကို သိချင်ပါတယ်ရှင့်။

 

ဦးမြင့်လွင်။             ။ Positive ဖြစ်ပြီဆိုတော့ ကျွန်တော်တို့ကို အင်းစိန်ဆေးရုံကနေပြီး ဝေဘာဂီ ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံကို ၁၁ နာရီခွဲ၊ ၁၂ နာရီလောက်မှာ ရောက်သွားတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သူတို့က နွေးထွေးစွာကြိုဆိုပြီး လိုအပ်တဲ့ဆေးဝါးတွေကို စပြီး ကုသပေးပါတယ်။ နောက်တစ်ရက်မှာ ကျွန်တော်တို့ ဓာတ်မှန်ရိုက်ရတယ်။ ၃ / ၄ ရက်လောက်နေ တော့ ICU ထဲကို ဝင်လိုက်ရတယ်။ ICU ထဲကို ဝင်လိုက်ပြီးတာနဲ့ သွေးရည်ကြည်ကို နှစ်ကြိမ်လောက် သွင်းပေးတယ်။ ကျွန်တော်တို့ တော်တော်ကြီးကို နေလို့ကောင်းသွားတယ်။ ၃ / ၄ ရက် အဲဒီဝန်းကျင်မှာ တော်တော်ကြီးလည်း ကောင်းသွားတဲ့အတွက် ICU ထဲကနေ ကျွန်တော် ပြန်ပြီးထွက်လိုက်ရပါတယ်။

 

၄ ရက်နေ့ ပြန်ထွက်ပြီးတော့ ကျွန်တော်တို့ အခန်းကို ပြန်ရောက်တဲ့အခါမှာ ဆက်လက်ပြီး ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ပေးတဲ့အတွက် အားလည်းပိုတက်လာတယ်။ ပိုပြီးနေရထိုင်ရတာ ပိုကောင်းလာတယ်။ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေရဲ့ ဒီလိုနေပါ၊ ဒီလိုထိုင်ပါ၊ ဒီလိုလုပ်ပါ ဆိုတဲ့ ညွှန်ကြားချက်တွေရဲ့အောက်မှာ ကျွန်တော်တို့ လိုက်နာပြီး နေထိုင်ခဲ့ရတဲ့အတွက် တော်တော် ကောင်းသွားပါတယ်။

 

အစီအစဉ်မှူး။         ။ အဲဒီတော့ ဒီကုသမှုအပိုင်းအပြင် အစားအသောက်အပိုင်းမှာ ဘယ်လိုမျိုး ထူးထူးခြားခြား ညွှန်ကြားချက်အတိုင်းကို စားသောက်ခဲ့ရသလဲ၊ လေ့ကျင့်ခန်း ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ ဘယ်လိုမျိုးတွေလုပ်ခဲ့ရလဲရှင့်။

 

ဦးမြင့်ဟန်။            ။ ဆေးရုံက ကျွေးမွေးတဲ့ ဒီအစားအစာတွေက ကျွန်တော်တို့နဲ့ တည့်တဲ့ ပစ္စည်းတွေပေါ့နော်ဒီဆေးရုံက ကျွေးတာတွေကို အချိန်မှန် စားသောက်ရတဲ့အတွက် ပိုပြီးအားရှိလာတယ်။ စားသောက်ပြီးတာနဲ့ ခဏတဖြုတ်နေ လိုအပ်တဲ့ ဆေးဝါးတွေသောက် ပြီးတာနဲ့ ကိုယ့်ရဲ့ အခန်းထဲ ဟိုဘက်၊ ဒီဘက် လမ်းတွေဘာတွေ လျှောက်ရပါတယ်။ ကိုယ်လိုချင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပုံမှန်အနေအထားကို ရောက်လာတဲ့အတွက် ဝမ်းသာတယ်။

 

ရက်ပေါင်း ၄၂ ရက်အတွင်း ဆေးရုံရဲ့ ပြုစုမှုတွေ အတော်ကောင်းတဲ့အတွက် ကျွန်တော်တို့က ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းလာခဲ့ရတယ်။ ကြောက်စရာ မဟုတ်ဘူးလားဆိုတော့ အတော်ကြောက်ဖို့ ကောင်းပါတယ်။ ဖြစ်လိုက်ရင်တော့ အတော်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ခံစားရပါတယ်။ တော်တော်ကို ခံစားရပါတယ်။ မဖြစ်တာ ပိုကောင်းပါတယ်။ ဖြစ်လိုက်ရင်တော့ တော်တော်လေးကို ခံစားရပါလိမ့်မယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာက ဆေးရုံရောက်ပြီး ကုသရတာထက်စာရင် အိမ်မှာပဲနေပြီး အပြင်မထွက်ဘဲ၊ မိသားစုလေး သိုက်သိုက်ဝိုင်းဝိုင်းနဲ့ ကိုယ့်ထဲမှာဘဲ ကိုယ်နေပြီး ရောဂါကို ရှောင်ရင် ပိုကောင်းပါတယ်။

 

အစီအစဉ်မှူး။         ။ ကိုဇော်မင်းအောင်ရှင့်။ အစ်ကို့အနေနဲ့ ဘယ်ဆေးရုံမှာ ကုသမှု ခံယူခဲ့သလဲ၊ လူနာတစ်ယောက်အနေနဲ့ ကုသမှုခံယူနေစဉ် ကာလအတွင်းမှာ စိတ်ကျေနပ်မှု ရရှိခဲ့လား အဲဒါ ကို ပြောပြပေးပါဦးရှင့်။

 

ကိုဇော်မင်းအောင်။           ။ ကျွန်တော် သတင်းပို့တာက အင်းစိန်ဆေးရုံပါ။ အင်းစိန်ဆေးရုံမှာ သတင်းပို့ပြီး ကျွန်တော်တို့က Positive ဖြစ်တယ်လို့ သိတဲ့အခါမှာ ဝေဘာဂီဆေးရုံကို ပို့လိုက်တယ်။ ဝေဘာဂီဆေးရုံကိုရောက်တဲ့ ပထမ တစ်ရက်၊ နှစ်ရက်အတွင်းမှာ သိပ်မသိသာပါဘူး။ သုံးရက် / လေးရက် လောက်ကျတော့ ကျွန်တော် တော်တော်ကိုမောလာတယ်။ အသက်ရှုရတာကလည်း သိပ်မကောင်းတော့ဘူး။

 

အဲဒါနဲ့ ဆရာမကို အကြောင်းကြားတဲ့အခါ သူတို့ကလည်း ဂရုတစိုက်ပဲ ကျွန်တော်ကို ICU အခန်းထဲကို ပို့ပေးပါတယ်။ ဟိုရောက်တဲ့အချိန်မှာ ကျွန်တော် အသက်ရှုရတာ တော်တော်ကြပ်လာတယ်။ ကျွန်တော်တို့အနေနဲ့ ဆေးရုံကို မရောက်ခင်အချိန်မှာ မသိသာပါဘူး။ ဆေးရုံကို ရောက်လာပြီး ၂ ရက် / ၃ ရက်လောက်မှာ တော်တော်အသက်ရှုကြပ်တယ်။ ပြီးရင်မောတယ်။ ICU ထဲကို ရောက်တဲ့အခါ နှလုံးခုန်တာတို့၊ သွေးထဲက အောက်ဆီဂျင်တိုင်းတာတို့ အကုန်လုံးတပ်ပေးတယ်။ အောက်ဆီဂျင်လည်း ပေးရှုတယ်။

 

ကျွန်တော်ရဲ့ အောက်ဆီဂျင်က ၉၀ အောက်ကို ရောက်ပါတယ်။ အောက်ဆီဂျင်စက်နဲ့ ပြန်ရှုတော့မှ ၉၃ လောက် ပြန်ရပါတယ်။ ICU ရောက်တဲ့နေ့မှာဘဲ ကျွန်တော်ကို သွေးရည်ကြည် သွင်းပေးတယ်။ ပထမတစ်ခေါက် သွင်းပေးတော့ တိုးတက်မှုက နည်းနည်းလေး နည်းပါတယ်။ သွေးရည်ကြည် ၂ လုံး ကျွန်တော်ကို သွင်းပေးတယ်။ တခြားတန်ဖိုးကြီးတဲ့ ဆေးတွေနဲ့လည်း ဆရာ၊ ဆရာမတွေက ဂရုတစိုက်နဲ့ ကုပေးပါတယ်။ နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေပေါ့နော်။

 

ကျွန်တော့် အဆုတ်ထဲကို ပိုးရောက်သွားတယ်လို့ ဆရာမတွေက ပြောပါတယ်။ အဆုတ်ထဲ ပိုးရောက်သွားတဲ့အတွက် အဆုတ်ရဲ့ သွေးတွေက နည်းနည်းခဲသွားတဲ့အတွက် အဆုတ်က သိပ်အလုပ် မလုပ်ဘူး။ ဒီလို အဆုတ်က သိပ်အလုပ်မလုပ်တဲ့အတွက် ကျွန်တော်က ၁၁ ရက်နေရတယ်။ ကျွန်တော့်အဖေဆို ICU ကနေ ၃ ရက် / ၄ ရက်နဲ့ ပြန်ထွက်ရတယ်။ သွေးရည်ကြည် ၂ လုံး သွင်းတယ်။ ပြီးရင် နိုင်ငံတော်က ထောက်ပံ့တဲ့ Remdesivir ဆေးတွေနဲ့ သက်သာလာပါတယ်။

 

ပြောချင်တာက ရောက်ရောက်ချင်း ၃ ရက်လောက်မှာ အသက်ရှုကြပ်တာတို့၊ မောတာတို့ ဖြစ်လာတယ်။ ၄ / ၅ / ၁၀ လှမ်းလောက်ကို မလျှောက်နိုင်ဘူး။ အဲဒီလိုတွေဖြစ်တာပါ။ ဒီဆေးတွေ ကို နိုင်ငံတော်ကလည်း ထောက်ပံ့ပေးတယ်။ ဆရာ၊ ဆရာမတွေကလည်း ဂရုတစိုက်ကုသ ပေးတယ်။

 

နောက်လေ့ကျင့်ခန်းအနေနဲ့ ဆရာ၊ ဆရာမတွေက အဆုတ်အားကောင်းအောင်လို့ မှောက်မှောက်ပြီး အိပ်ခိုင်းတယ်။ မှောက်ပြီး အသက်ရှုလေ့ကျင့်ခန်းတွေကို ICU အခန်းထဲမှာဘဲ လုပ်ခိုင်းတယ်။ မနက် တစ်ကြိမ်လာပြီး လုပ်တဲ့အခါကျရင် အဆုတ်အားကောင်းအောင် ဆရာမတွေကိုယ်တိုင် ရိုက်ပေးတယ်။ ဘယ်လိုနေဖို့ ပြောပေးတယ်။

 

အစီအစဉ်မှူး။         ။ ဆရာကြီး ဒေါက်တာဆန်းလင်းရှင့်။ ဆရာအနေနဲ့ ကိုဗစ်ရောဂါ ခံစားနေရတဲ့ ကာလအတွင်းမှာ ဆေးကုသမှုတွေ ခံယူရတယ်။ အဲဒီလို ခံယူရတဲ့အတွေ့အကြုံ တွေကို ပရိသတ်တွေ သိအောင် မျှဝေပေးပါဦး။

 

ပါမောက္ခဒေါက်တာဆန်းလင်း။             ။ ကျွန်တော်ဆေးရုံကို ရောက်တဲ့အချိန်မှာ ဓာတ်မှန် ရိုက်တယ်။ သွေးတွေစစ်တယ်။ အဲဒီက အခြေအနေတွေကိုကြည့်ပြီး ကိုဇော်မင်းအောင် ပြောသလို ပေါ့နော်။ ကျွန်တော်တို့ကို တန်ဖိုးကြီးတဲ့ ဆေးတွေပါပဲ CS2 တို့၊ Meropenem တို့ အဲဒီလို ဆေးတွေ ကို အပြည့်အဝပေးတယ်။ အဲဒါတွေက ပိုးသတ်ဆေးတွေပါ။ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ပိုးသတ်ဆေးတွေပေးတယ်။ Remdesivir ဆေးကို ကျွန်တော်ရဲ့ သွေးစစ်တဲ့ အဖြေတွေအပေါ်မှာ ကြည့်ပြီး ကိုက်ညီမှုရှိတဲ့အတွက် ပေးပါတယ်။ ဒီဆေးကလည်း အခုနောက်ပိုင်းထွက်တဲ့ သုတေသနတွေအရ သူနဲ့ကိုက်ညီတဲ့သူတွေကို ဆေးသွင်းလိုက်တာနဲ့ သက်သာတာကို တွေ့ရပါတယ်။

 

ကျွန်တော်တို့ဆို နှစ်ကြိမ်လောက် သွင်းရပါတယ်။ ပထမနေ့မှာ ဆေးမီလီဂရမ် ၂၀၀ ကို ပိုက်နဲ့သွယ်ပြီး နှစ်နာရီလောက် သွင်းပေးပါတယ်။ ဒုတိယနေ့မှာ ဆေး ၁၀၀ မီလီဂရမ်ကို ထည့်ပေး ပါတယ်။ ပထမရက်တွေက အတော်ဖျားတယ်။ အောက်ဆီဂျင်လည်း ကျသွားတယ်။ ကျွန်တော်တို့ က ICU ထဲကို မရောက်ပါဘူး။ တောင်ဥက္ကလာပဆေးရုံရဲ့ အောက်ထပ်က ခုတင်တိုင်းမှာ အောက်ဆီဂျင်ပိုက်တွေ ရှိတယ်။ အဲဒီအထပ်မှာ အများစုက ဆရာဝန်တွေများတဲ့အတွက် အရင်တပ်ထားတဲ့သူက နောက်လူတွေကို ကြည့်ပေးတယ်။ ကျွန်တော်နဲ့ အတူနေတဲ့သူတွေက ကျွန်တော့်မှာ အောက်ဆီဂျင် ကျလာပြီဆိုရင် ခုတင်ဘေးက အံဆွဲထဲက အောက်ဆီဂျင်မျက်နှာဖုံးကို ယူတတ်ပေးတယ်။ အဲဒီမှာက ဆေးပစ္စည်းတွေလည်း အပြည့်အစုံရှိတယ်။ ကိုယ့်ခုတင်ရဲ့ ခေါင်းရင်း က အောက်ဆီဂျင်ပိုက်လိုင်းရှိတဲ့အတွက် အလွယ်တကူ တပ်ဆင်ပြီး အသုံးပြုလို့ရပါတယ်။

 

ဆေးသွင်းရမယ့် အချိန်မှာ လာသွင်းပေးတယ်။ ဆေးထိုးရမယ့် အချိန်မှာ လာထိုးပေးတယ်။ ဓာတ်မှန်ရိုက်ရမယ့် အချိန်မှာ သွားရိုက်ရပါတယ်။ Remdesivir ဆေးကို ၂ ကြိမ်လောက် သွင်းပြီးတဲ့ အချိန်မှာကျွန်တော်က အဖျားလုံးဝကျသွားတယ်။ ပထမပိုင်းတွေက တော်တော်ပင်ပန်းတယ်။ အတော်နုန်းပြီး မလုပ်မကိုင်နိုင်ပါဘူး။ အစားအစာကအစ ဘေးလူတွေက လာလာပို့ပေးရပါတယ်။ ကျွန်တော်လည်း ကြိုးစားကြိတ်မှိတ်ပြီး စားရပါတယ်။ အစားအသောက်တွေက ပြည့်ပြည့်စုံစုံစား ပါတယ်။

 

ဒါပေမယ့် အဲဒီအချိန်မှာ အရသာပျောက်နေတယ်၊ အနံ့ပျောက်နေတဲ့ အချိန်ကျတော့ ကြိုးစားပြီး အားရှိအောင် စားပေးရတယ်။ အဲဒီအချိန်မှာ ဒါတွေကို ကျော်ဖြတ်ဖို့ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်သေးဘူး။ တရားပဲ ကိုယ့်စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်။

 

ကျန်တာတွေ တခြားဘာမှမစဉ်းစားဘဲ အာနာပါနနဲ့ Mindfulness Meditation ကြိုးစားပြီး လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်နေရတယ်။ အဲဒီအချိန်ကျရင် ကြုံဖူးတဲ့လူတိုင်း သိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်ရတာ၊ ဘယ်သူမှလည်း လာမစောင့်ရှောက်ဘူး။ ဘေးကလူတွေက ဆရာဝန်၊ ဆရာမတွေ စောင့်ရှောက်ပေးတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်စိတ်နဲ့ကိုယ် ဖြတ်သန်းရတာပါ။

 

အဲဒီ နှစ်ရက်ကျော်သွားပြီး စက်တင်ဘာလ ၂၉ ရက်နေ့ကျတော့ ကျွန်တော့်သူငယ်ချင်း ဆရာကြီးဦးတင်ဦး ရောက်လာတော့ အဲဒီအချိန်မှာ ကျွန်တော်က နည်းနည်းသက်သာလာတယ်။ သက်သာလာတော့ စကားတွေ ဘာတွေပြောပေါ့။ သူရောက်လာတဲ့အချိန်မှာ တော်တော်ပင်ပန်း နေပါတယ်။ သူ့ကို လုပ်ပေးစရာရှိတာ လုပ်ပေးပေါ့။

 

အဲဒီအချိန်ကျတော့ ကျွန်တော်လမ်းလျှောက်နိုင်ပြီ အသက်ရှုလေ့ကျင့်ခန်းလုပ်တယ်။ အသက်ရှုလို့ကောင်းအောင် မှောက်အိပ်တာတို့၊ မှောက်တာတို့လုပ်တယ်။ အဲဒီအချိန်ကျတော့ Relax ရလာပြီ၊ သီချင်းတွေ နားထောင်တယ်။ အိမ်နဲ့လည်း ဖုန်းပြောဖြစ်လာတယ်။ မိတ်ဆွေအပေါင်း အသင်းတွေမေးတဲ့ စကားတွေကိုလည်း ပြန်ပြီးဖြေနိုင်တယ်။ ကိုယ့်စိတ်ခွန်အားရှိမယ့် အရာတွေကို လုပ်တယ်။ ကျန်တဲ့သူတွေကိုလည်း အားပေးတယ်။

 

တစ်ခါတစ်လေကျရင်လည်း ကျွန်တော်တို့တွေက Psychiatrist (စိတ်ရောဂါအထူးကု ဆရာဝန်) တွေလည်းဖြစ်တော့ တချို့လူနာတွေက ကိုယ်ဖြစ်တာ မသိကြဘူး။ သူတို့ ပြဿနာတွေကို ကိုယ်တွေကို လှမ်းပြောတယ်။ တချို့လူနာတွေဆိုရင် သူတို့ကိုယ်တိုင် ကိုဗစ်ဖြစ်မှာ ကြောက်လို့ ဖုန်းနဲ့ လှမ်းပြီးမေးတယ်။

 

အဲဒီလိုလူမျိုးကို ကိုယ်က ကိုဗစ်ဖြစ်ပြီး ဆေးရုံရောက်နေတဲ့အချိန် သူတို့ကို မကြောက်ဖို့ ကိုယ်ဖြစ်တာမပြောဘဲ အားပေးပြီးပြောရတယ်။ တချို့အိပ်မပျော်တဲ့သူတွေကို ဆေးတွေ ညွှန်းပေးရတယ်။ အဲဒီအချိန်ကျတော့ ကိုယ်က နည်းနည်းသက်သာသွားပြီလေ။ ဆေးရုံထဲမှာလည်း မိသားစုတွေ ဆုံးရှုံးတဲ့ဆရာဝန်တွေရှိတယ်။ ICU ထဲမှာပဲ ကိုယ့်မိသားစုတွေ တိမ်းပါးသွားကြတယ်။ အဲဒီလို ကိုယ်တန်ဖိုးထားတဲ့အရာ ဆုံးရှုံးလို့ စိတ်ထိခိုက်နေတဲ့လူတွေကို သူတို့နဲ့ စကားပြောပေးတယ်။ Counseling   နှစ်သိမ့်ဆွေးနွေးပေးတယ်။ ကိုယ်လည်း သက်သာလာတယ်။

 

ကျွန်တော့်သူငယ်ချင်း ဆရာကြီးဦးတင်ဦးက အဲဒီအချိန်မှာ နည်းနည်းဖြစ်နေတယ်။ ဒါပေမယ့် သူလည်း ဆေးသွင်းပြီး ၂ ရက်လောက်ကြာတော့ အဖျားကျသွားတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ Remdesivir က သူ့နဲ့ကွက်တိကျတဲ့ လူတွေအတွက် တော်တော်ထိရောက်ပါတယ်။ Hospital Stay ကို လျော့ကျစေပါတယ်။

 

ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာက ဒီ Remdesivir အပြင် သွေးရည်ကြည်ပေါ့။ ကျွန်တော်တို့လို ရောဂါဖြစ်ပွားတဲ့ ရောဂါပြင်းထန်သူတွေ၊ အလယ်အလတ်အဆင့်ရှိတဲ့ သူတွေအတွက် သွေးရည်ကြည်ဟာ Antibody အများကြီးပါတယ်။ တစ်လကျော်ဆိုရင် လှူလို့ရပြီ။ အဲဒီသွေးရည်ကြည်က ပြန်ပြီး ပြင်းပြင်းထန်ထန် ဖြစ်တဲ့လူတွေကို အသက်ကယ်နိုင်တယ်။

 

အဲဒီလိုတွဲပြီး ကုတဲ့လူတွေလည်း ရှိတယ်။ နှစ်မျိုးစလုံး သွင်းရတဲ့ လူတွေလည်း ရှိတယ်။ တချို့တွေကျတော့ ဆေးနဲ့ပေးလို့ ကျောက်ကပ်တို့၊ အသည်းတို့က အခြေအနေမကောင်းဘူးဆိုရင် Remdesivir ကိုပေးလို့မလွယ်ပါဘူး။ အဲဒါဆို ပေးလို့မရဘူး။ သွေးရည်ကြည်နဲ့ကုကြတယ်။

 

အစီအစဉ်မှူး။         ။ဆရာ့အနေနဲ့ အစားအသောက်ပိုင်းမှာ အနံ့မရဘူး၊ စားလို့သောက်လို့ မကောင်းဘူး ဆိုပေမယ့်လည်း အားရှိအောင် ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ဘယ်လိုမျိုး စားသုံးခဲ့ရတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

 

ပါမောက္ခဒေါက်တာဆန်းလင်း။             ။ကျွန်တော်တို့ ဆေးရုံကနေပို့တယ်။ နောက်တော့ ကျွန်တော့်သူငယ်ချင်းတွေ ဆရာဝန်တွေရော၊ ကျန်းမာရေးစောင့်ရှောက်သူတွေရော ရန်ကုန်ဆေးရုံကြီးနဲ့ တောင်ဉက္ကလာဆေးရုံကြီးကို ထမင်းချိုင့်ပို့တယ်။ အဲဒီ Box တွေမှာ ဆရာဝန် ဆေးရုံတက်တဲ့ သူတွေအတွက်ပါ ပါတယ်။ တစ်ခါတစ်လေကျရင် အလှူရှင်ထပ်တယ်ဆိုရင် တစ်နပ်ထဲမှာပဲ နှစ်မျိုးပါတယ်။ ထမင်းကြော်လည်းရှိတယ်။ ခေါက်ဆွဲကျော်လည်း ရှိတယ်။

 

တစ်ခါတစ်လေကျရင် ကြက်ပေါင်းလာလှူတာတွေရှိတယ်။ တည့်မယ့်အစားအစာတွေပေါ့။ ကြက်ဉပြုတ်လေးတွေ၊ နောက်ပြီးတော့ ရှေ့က ဆင်းသွားတဲ့လူတွေကနေ ဒီပစ္စည်းတွေက ကျွန်တော်တို့ ဆီကို ရောက်ပြီးသွားရင် ဘယ်သူမှ အပြင်ပြန်ထွက်လို့ မရတော့ဘူး။ ECG ရိုက်ထားတဲ့ စာရွက်တောင် ဓာတ်ပုံရိုက်ပြီးပို့ရတယ်။

 

Prevention Control စည်းမျဉ်းအရ ဒီပစ္စည်းတွေ ပြန်ထုတ်မပစ်တော့ဘူး။ လူထွက်ပြီးရင် PPE တောင် ချွတ်ရတယ်ဆိုတော့ ဒီအစားအသောက်တွေကတော့ ရှေ့လူတွေကလည်း နောက်လူ တွေအတွက် အဆင်ပြေအောင် ပြန်ပြီးထားပေးတယ်။ အစားအသောက်တွေ တော်တော်များများ ပြည့်စုံပါတယ်။

 

ရေနွေး၊ ရေအေး အကုန်ရတယ်။ Water Cooler နဲ့ Hot Water ပါ တစ်တွဲတည်း အထပ်တိုင်းမှာ ရှိပါတယ်။ ထမင်းဘူးမစားချင်ရင် ဆန်ပြုတ်မှာလို့ရတယ်။ တစ်ခါတစ်လေကျရင် ခေါက်ဆွဲပြုတ်တွေ၊ ကြက်ပေါင်းတွေလည်း လာပေးတယ်။ ကိုယ်က ဘယ်လိုပဲပြောပြော တကယ်အရသာမရှိတဲ့ အချိန်ကျရင် ထမင်းတွေကလည်း ဖော့တုန်းတွေ စားရသလိုပဲ။ ဘာအရသာမှ မရှိဘူး။ အနံ့လည်း မရဘူး။ အရသာလည်း မရှိဘူး။

 

အဲဒီအချိန်မှာ တကယ်သံဝေဂရဖို့ ကောင်းတယ်။ အရင်တုန်းကဆိုရင် ကိုယ်က ရသတဏှာနဲ့ ခုံမင်လို့ စားတယ်။ အခုအချိန်မှာတော့ ဘဝကိုရှင်သန်ချင်လို့ ဘဝတဏှာနဲ့ အဲဒီဟာကို သည်းခံပြီး စားရတယ်။ အာဟာရ မပြည့်ပြည့်အောင် စားတယ်။ ကိုယ်အလေးချိန်လည်း တော်တော်လေး ကျသွားတယ်။ အဲဒီအချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ မလုပ်နိုင်သေးဘူး။

 

နောက်တော့ သက်သာလာတဲ့အချိန်မှာ ကျွန်တော် အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်တယ်။ ကိုယ့်အခန်းထဲမှာ လမ်းလျှောက်တယ်။ ကိုယ့်အခန်းအပြင်မှာ လမ်းလျှောက်တယ်။ အဲဒီလို လှုပ်ရှားမှုတွေလုပ်ပါတယ်။ ကိုယ်စိတ်ကြည်နူးစရာကောင်းတဲ့ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ မိသားစုနဲ့ပြန်ပြီး Video Call နဲ့ ပြောတာ၊ တရားထိုင်တာတွေကို မျှတအောင် ကိုယ့်ကိုယ် ကို နေလို့ကောင်းအောင် နေရတယ်။

 

အစီအစဉ်မှူး။         ။ ကိုဇော်မင်းအောင်ရှင့်။ အစ်ကိုအနေနဲ့ ရောဂါပျောက်ကင်းသွားပြီ။ တချို့ဆိုရင် ရောဂါပျောက်ကင်းသွားပေမယ့်လည်း နောက်ဆက်တွဲ အခြေအနေတွေ၊ အနံ့ ပြန်မရတာတို့ တွေလည်းရှိနေတတ်တော့ အခုလက်ရှိ အစ်ကိုရဲ့ ကျန်းမာရေး အခြေအနေကို သိချင် ပါတယ်။

 

ကိုဇော်မင်းအောင်။           ။ ဆေးရုံမှာခံတွင်းပျက်တော့ သိပ်မစားချင်ဘူး။ ဒါပေမယ့် ဆရာပြောသလို မဖြစ်မနေစားတယ်။ နောက်ပိုင်းကျတော့ ခံတွင်းက ပြန်လိုက်လာတယ်။ လိုက်လာတော့ ထမင်းဘူးဆိုရင်လည်း ကုန်တာပဲ။ ကိုယ့်မိသားစု အသိုင်းအဝန်းကနေ အာဟာရပြည့်အောင်စား၊ များများစားမှ ခန္ဓာကိုယ်အတွက်အားရှိမှ ဒီရောဂါကို တွန်းထုတ်နိုင်မယ်ဆိုတော့ စားတယ်။ အိမ်ပြန်ရောက်လာတော့လည်း အာဟာရပြည့်အောင် စားတယ်။ အခုအချိန်အထိတော့ ကောင်းပါတယ်။ ဆေးရုံကလည်း ဆေးတွေနဲ့ ကုသပေးလိုက်တော့ အခုကျန်းကျန်းမာမာပါပဲ။ နေလို့ကောင်းပါတယ်။ အနံ့တွေလည်း ရပါတယ်။ ပုံမှန်ပါပဲ။

 

အစီအစဉ်မှူး။         ။ အခုဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့လည်း သွေးရည်ကြည် အလှူရှင်တွေကို ဖိတ်ခေါ်လျက်ရှိတယ်။ အစ်ကိုကိုယ်တိုင်ကလည်း သွေးရည်ကြည် ကုထုံးနဲ့ကုပြီး ပြန်လည်သက်သာလာတဲ့ သူဆိုတော့ ရှေ့ဆက်လက်ပြီး အစ်ကိုအနေနဲ့ သွေးရည်ကြည် လှူဒါန်းမှုတွေမှာ ပါဝင်ဖို့ရှိပါသလား။

 

ကိုဇော်မင်းအောင်။           ။ ရှိပါတယ် ခင်ဗျာ။ ဆေးရုံဆင်းရမယ်ဆိုတဲ့ ရက်ကိုသိကတည်းက သွေးရည်ကြည်လှူလို့ ရ / မရ မေးကြည့်ပါတယ်။ လှူလို့ရပါတယ်လို့ ပြောပါတယ်။ ကျွန်တော့်အဖေ ကလည်း လှူချင်တယ်။ သို့သော်  သူတို့က အသက်က ၅၅ နှစ်အောက်မှပဲ ခွင့်ပြုတယ်ဆိုတော့ ကျွန် တော့်အဖေက လှူချင်သော်ငြားလည်း အသက်က ၆၀ ကျော်သွားတော့ လှူလို့မရဘူး။ ကျွန်တော် ကတော့ အခုစာရင်းပေးခဲ့တယ်။ ၄ ရက်နေ့ကျရင်လည်း ဆေးရုံက ကျွန်တော့်ကို ပြန်ခေါ်ထားတယ်။ အဲဒီနေ့ပဲ သွေးရည်ကြည်ယူမလား၊ ဒါမှမဟုတ် ကျွန်တော့်ကို ပြန်ဆက်သွယ်ပြီး သွေးရည်ကြည်ယူမလား မသိသေးပါဘူး။ သတင်းပေးထားတယ်။ သွေးရည်ကြည်လှူမယ်ဆိုတဲ့ အကြောင်းလည်း ပြောပြထားပါတယ်။

 

အစီအစဉ်မှူး။         ။ ဦးမြင့်လွင်ရှင့်။ ဦးအနေနဲ့ အခုဆိုရင် ရောဂါသက်သာလာပြီ၊ အသက်ရဲ့ ကန့်သတ်ချက်အရလည်း သွေးရည်ကြည်လှူဖို့ မဖြစ်နိုင်တော့ဘူးဆိုတော့ ဦးအနေနဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးမှာ ဘယ်လိုမျိုး ပူးပေါင်းပါဝင်သွားမလဲဆိုတာ သိချင်ပါတယ်။

 

ဦးမြင့်လွင်။             ။ ကျွန်တော်ကတော့ အသက်က ၆၇ ဆိုတော့ သွေးရည်ကြည် ပေးချင်ပေမယ့်လည်း ပေးလို့မရတော့ဘူး။ ကျွန်တော်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်ကို ကိုဗစ်ရောဂါ မဖြစ်အောင် နေဖို့ တိုက်တွန်းချင်တယ်။ ဖြစ်လာခဲ့ရင် သိပ်ပြီးကြောက်ရွံ့ရင် စိတ်ဓာတ်ကျတာတွေ ဖြစ်လာမှာ စိုးပါတယ်။ ဖြစ်သွားခဲ့ရင်တော့ ဆေးရုံသွားရမယ်။ ဆေးရုံရောက်ရင် ဆရာ၊ ဆရာမကြီးတွေရဲ့ တာဝန်တစ်ခုလို ဖြစ်သွားတော့ သူတို့ကလည်း ကျွန်တော်တို့ကို မဖိတ်မစင်အောင် အတတ်နိုင်ဆုံး ကုသပေးကြတယ်။ အဲဒါကတော့ ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့ပါ။

 

အဓိက ဘယ်လိုပံ့ပိုးကူညီရမလဲဆိုရင် ကိုယ့်အိမ်မှာကိုယ်နေပြီး နိုင်ငံတော်ကိုလည်း အကျိုးပြုတဲ့အနေနဲ့ ကိုယ်ကိုယ်တိုင်လည်း ရောဂါကာကွယ်တဲ့အနေနဲ့ အိမ်ထဲမှာပဲ မဖြစ်မနေ နေနိုင်သမျှ နေပေးပါလို့ ကျွန်တော်က ပြောကြားချင်ပါတယ်။

 

အစီအစဉ်မှူး။         ။ ဆရာကြီးဒေါက်တာဆန်းလင်းရှင့်။ အခုဆိုရင် ကွာရန်တင်းစင်တာတွေမှာ ရောက်နေတဲ့ လူတွေ၊ ဆေးရုံတွေ၊ ကိုဗစ်ကုသရေးဌာနတွေမှာ ရောက်နေတဲ့သူတွေ ရောဂါခံစားနေရတဲ့သူတွေ အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေ၊ ရောဂါမဖြစ်တဲ့ ပြည်သူတွေအတွက်ကို စိုးရိမ်ကြောင့်ကြမှု မလွန်ဖို့အတွက် အားပေးစကားလေး ပြောပေးပါဦးရှင့်။

 

ပါမောက္ခဒေါက်တာဆန်းလင်း။             ။ ပြည်သူတွေကို ကျွန်တော်က မှာချင်တာကတော့ ရောဂါဖြစ်တာက ပြင်းထန်တဲ့သူတွေလည်း ဖြစ်နိုင်သလို အေးအေးဆေးဆေးနဲ့ ရောဂါလက္ခဏာ မပြတာ၊ အနည်းအကျဉ်းပြတာတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က ကိုယ်ခံအားတွေ ကောင်းတယ် ဆိုပေမယ့်လည်း ကိုယ့်ဆွေမျိုးသားချင်းတွေ ရှိတယ်။ ကိုယ့်ရဲ့ မိဘဘိုးဘွားတွေ ရှိတယ်။ ကိုယ့်အိမ်မှာ လူကြီးတွေရှိတယ်။ အဲဒီလူတွေဟာ ကိုယ်ကြောင့်နဲ့ အသက်အန္တရာယ် ရင်ဆိုင်ကြရတာလေ။ အခုကျွန်တော်တို့ ဆေးရုံကို ရောက်လာတယ်။ တော်တော်များများက လူငယ်တွေထက် လူကြီးတွေများတယ်။ ကိုယ့်မိဘတွေရှိတော့ ကျွန်တော်တို့ ဆရာဝန်လေးတွေဆိုရင် ကြုံလာရင် အိမ်မပြန်ကြဘူး။ ကိုယ့်အိမ်ကို ဒုက္ခပေးရာကျမှာစိုးလို့ ဂျူတီကျရာကနေစပြီး ဟိုတယ်တို့၊ အဆောင်တို့မှာပဲနေကြတယ်။

 

အဲဒါဆိုတော့ ပြည်သူတွေကလည်း အကာအကွယ်မဲ့ Mask မတပ်ဘူး။ လက်မဆေးဘူး။ Social Distancing မရှိဘဲ သွားလာပြီး ကိုယ့်အိမ်ထဲမှာ လုံးဝမထွက်တဲ့ လူကြီးတွေကို ရောဂါ အရောက်ပို့ပေးသလိုဖြစ်ရင် ကိုယ့်ရဲ့ လူကြီးတွေကို မစောင့်ရှောက်နိုင်ဘဲ ဒုက္ခယူပေးသလို ဖြစ်မယ်။

 

အဲဒီလိုမဖြစ်ရလေအောင် ငယ်ရွယ်တဲ့သူတွေ၊ ကျန်းမာရေးကောင်းတဲ့သူတွေက ကိုယ်ကိုယ်တိုင် ခံနိုင်ရည် ရှိတယ်ဆိုပေမယ့် အကုန်လုံးဆင်ခြင်ကြပါ။ တတ်နိုင်သလောက် တကယ်လိုအပ်မှ သွားပါ။ သွားရင်လည်း Mask ကို သေချာတပ်ပါ။ လက်ဆေးပါ။ Face Shield ပါတပ်ရင် ပိုကောင်း ပါတယ်။ Mask တပ်ရမယ်။ လက်ဆေးရမယ်။ Social Distancing ရှိရမယ်။ ကိုယ်တွေ့ပါ။

 

ကျွန်တော်တို့က Contact ဖြစ်ပြီး ကျွန်တော် ရောဂါမဖြစ်ခင်မှာ လူနာတွေနဲ့ စကားပြောရတယ်။ စမ်းသပ်ရတယ်ဆိုတော့ ကျွန်တော်တို့က Social Distancing ၆ ပေတောင် ကျော်တယ်။ လူနာတွေနဲ့ စကားပြောရတယ်။ Mask လည်း တပ်ထားပြီး သူတို့ကို အခြေအနေမေးတယ်။ အရင်ကလို အချိန်လည်း အကြာကြီး မသုံးတော့ဘူး။ အချိန်အကြာကြီး ပြောချင်ရင် တယ်လီဖုန်းနဲ့ ပြောတယ်။ လူချင်းတွေ့တယ်ဆိုရင် ခပ်တိုတိုပဲ ပြောတယ်။

 

အဲဒီလို ကျွန်တော်နဲ့ ထိတွေ့တဲ့ လူတွေ အကုန်လုံးက ရောဂါကူးစက်မှုမရှိတာကိုတွေ့တယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ကားအတူတူ စီးတယ်။ ထမင်းအတူတူစားတယ် ။ အဲဒီလိုလူတွေနဲ့ ကိုယ့်မိသားစုဝင်တွေက Mask မပါတဲ့ သူတွေကတော့ ကူးစက်မှုရှိတာ တွေ့ရပါတယ်။ အဲဒီတော့ ကိုယ့်အပေါင်းအသင်းပဲဖြစ်ဖြစ် ကိုယ်မိသားစုပဲဖြစ်ဖြစ် ဘယ်သူမှ Mask မတပ်ဖြစ်ဘူး။ အဲဒါဆိုရင် ကိုယ့်အိမ်သားတွေက ကူးစက်ဖို့ အန္တရာယ် အလွန်များပါတယ်။

 

ကျွန်တော်ကိုယ်တိုင်လည်း ဆေးရုံတက်ရတယ်။ ဆေးတွေ တန်ဖိုးလည်း သိနေတော့ တစ်ယောက်ကို တစ်နေ့ကုသရတဲ့ စရိတ်က မနည်းပါဘူး။ ကျွေးတာမွေးတာ မပါသေးဘူး။ ဆေးဝါး တင်မနည်းဘူး။ ကျွေးမွေးရတဲ့ စရိတ်က မနည်းဘူး။ ဒီစရိတ်တွေက တိုက်ပွဲအချိန်ဆိုတော့ ချွေတာလို့ မရဘူး။ သုံးစွဲရတယ်။

 

ဒါပေမယ့်     ကိုယ်တစ်ယောက်စာ၊ တစ်ယောက်စာ ကာကွယ်စောင့်ရှောက်လိုက်ရင် တိုင်းပြည်ဘဏ္ဍာရော၊ ပြည်သူလူထု စေတနာရှင်တွေရဲ့ ငွေကြေးတွေရောကို တိုင်းပြည်မှာ ဒီထက်ပိုပြီး အကျိုးရှိတဲ့နေရာတွေမှာ သုံးဖို့ရှိပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ချမ်းသာတာ မဟုတ်ပါဘူး။ အားလုံးတက်ညီလက်ညီနဲ့ ဝိုင်းလုပ်နေလို့ပါ။ အဲဒီအထဲမှာ တက်ညီလက်ညီနဲ့ ကိုယ်တစ်ယောက်စာ၊ ကိုယ်တစ်ကိုယ်ရေစာကို ဒီတိုက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် နေပေးတယ်ဆိုရင် ကူးစက်မှုမရှိတော့ဘူး။ ဒါသည် တိုင်းပြည်နဲ့ တစ်ကမ္ဘာလုံးအတွက်ကို တိုက်ပွဲဝင်နေတာပါပဲ။ အဲဒီလို သတင်းစကားပါးချင်ပါတယ်။

 

အစီအစဉ်မှူး။         ။ အခုဆိုရင်  ပရိသတ်တွေ အားလုံးလည်း ဆရာကြီးတို့ရဲ့ ပြောစကားတွေ၊ ကိုဗစ်ရောဂါကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံတွေကို သိရှိပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိသွားမှာပါ။ အချိန်ပေးပြီးတော့ ဖြေကြားပေးခဲ့တဲ့ ဆရာကြီးတို့ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်ရှင်။