ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           ယခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ တွေ့ရှိနေရတဲ့ ကိုဗစ် - ၁၉ လူနာ တွေအနက် ၆၃ ရာခိုင်နှုန်းက ကိုဗစ် - ၁၉ ရောဂါ မပြဘဲ နေကောင်းကျန်းမာစွာနဲ့ သာမန်အတိုင်း ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ မိမိကိုယ်တိုင် မိသားစုနဲ့ ပတ်ဝန်းကျင်ကို ရောဂါမကူးစက်ခံရဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို အခုထက် ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ် - ၁၉ အကြောင်းသိကောင်းစရာ အမေး / အဖြေ အစီအစဉ်က ပြည်သူတွေသိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြလျက်ရှိပါတယ်။

အခုတစ်ပတ်မှာ ဒေါက်တာသန္တာလွင် [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရောဂါနှိမ်နင်းရေး]၊ ဒေါက်တာသီတာလှ [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုသရေး] နဲ့ ဒေါက်တာထွန်းတင် [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ] တို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါ တယ်။

 

ဒေါက်တာသန္တာလွင်။    ။           ကိုဗစ် - ၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ လက်ရှိအစီအစဉ်တွေကို သိပါရစေ မေးခွန်းနဲ့စပ်လျဉ်းလို့ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းရည်ရွယ်ချက်ကို တင်ပြချင်ပါတယ်။

 

ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံး လူအုပ်စုကို ရောဂါကူးစက်မှုမှ ကာကွယ်ရန်နဲ့ သေဆုံးမှုကို လျော့ချရန် ရည်ရွယ်ပါတယ်။ ဒုတိယရည်ရွယ်ချက်အနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ပြီး ပုံမှန်လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်စေရေးအတွက် ကာကွယ်ဆေးရရှိမှုအပေါ်မှာ မူတည်ပြီး အဆင့်ဆင့် ထိုးနှံသွားဖို့ ရည်ရွယ်ထားပါတယ်။

 

ဒီလို ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစတင်ဖို့ စီစဉ်ပြီးတဲ့အချိန်မှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး လက်ဝယ်ရရှိမှု အခြေအနေက အကန့်အသတ်တွေ ရှိတဲ့အတွက် နိုင်ငံရဲ့ လိုအပ်တဲ့ လူအုပ်စုကို ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အရေးကြီးတာက ကာကွယ်ဆေးထိုး လုပ်ငန်းကို ဆောင်ရွက်နေချိန်မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ ပြည်သူလူထုကို အဓိကထားပြီး အသိပေးဆောင်ရွက်နေတဲ့ နည်းလမ်းတွေဖြစ်တဲ့ ကိုဗစ် - ၁၉ ကာကွယ်ဖို့ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်း၊ မိသားစုထဲမှာ အသိပေးခြင်းနဲ့ သတိပေးခြင်းကို ဆောင်ရွက်ခြင်း၊ လူစုလူဝေး ရှောင်ကျဉ်ခြင်း လုပ်ငန်းတွေကို ဆက်လက်ကျင့်သုံးဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

 

လက်ရှိမှာ အခြားကမ္ဘာ့နိုင်ငံတွေနည်းတူ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေတွေမှာ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံသွားဖို့ စီစဉ်ထားပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံကနေ COVISHIELD ကာကွယ်ဆေး ၁ ဒသမ ၅ သန်းက ၂၂ - ၁ - ၂၀၂၁ ရက်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးအနေနဲ့ လူအရေအတွက် ၇ သိန်းခွဲခန့်ကို ထိုးနှံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

ဒီကာကွယ်ဆေးတွေက လူတစ်ယောက်ကို ပထမအကြိမ် ဆေးထိုးပြီးရင် ၂၈ ရက်ခြားပြီး ဒုတိယအကြိမ် ထပ်မံဆေးထိုးပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ကို ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေးထိုးဖို့အတွက် လမ်းညွှန်ချက်တွေအရ ဆောင်ရွက်နေတာက ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို ရှေ့တန်းကနေ တာဝန်ယူ ဆောင်ရွက်ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေပြီး ရှေ့ကိုလည်း ဆက်လက်ဆောင်ရွက်မယ့် စေတနာ့ဝန်ထမ်းတွေကို ပထမဦးဆုံး ဆေးထိုးပေးသွားမယ့် ပထမဦးစားပေးဖြစ်ပါတယ်။

 

ဆက်လက်ပြီး ဗဟိုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံသွားပေးဖို့ စီစဉ်ထားပါတယ်။ ဆက်လက်ပြီး ကျန်တဲ့ဦးတည် အုပ်စုတွေကို ဦးစားပေးအစီအစဉ်အလိုက် ရောက်ရှိလာတဲ့ Vaccine တွေရဲ့ အရည်အတွက်တွေအရ စီမံချက်တွေရေးဆွဲပြီး လမ်းညွှန်ချက်အတိုင်း ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

 

အခုထိုးမယ့် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးရင် ဘာတွေခံစားရနိုင်သလဲ၊ နောက်ဆက်တွဲ ရှောင်ရန်/ ဆောင်ရန်တွေ ရှိပါသလား မေးခွန်းနဲ့စပ်လျဉ်းပြီး ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ လူခန္ဓာကိုယ်ရဲ့ ကြွက်သားထဲကို ထိုးနှံပေးရမယ့် ဆေးဖြစ်ပါတယ်။ သာမန်အားဖြင့် ကာကွယ်ဆေးထိုးတိုင်း ကြုံတွေ့ရလေ့ရှိတဲ့၊ သာမန်ဆေးတုန့်ပြန်မှုကြောင့်ဖြစ်တဲ့ နာကျင်ခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ နုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ကြွက်သားနာကျင်ခြင်း စတဲ့ အနေအထားနဲ့ အခြေအနေမျိုးတွေကို ဆေးထိုးခံရတဲ့သူ ၁၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ဤကဲ့သို့ သာမန်ကာကွယ်ဆေး တုန့်ပြန်မှုတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း တစ်ရက်၊ နှစ်ရက်အတွင်း အလိုလိုပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ လက္ခဏာပြင်းထန်၍သော်လည်းကောင်း၊ အချိန် ကြာရှည်နေလျှင်သော်လည်းကောင်း နီးစပ်ရာ ကျန်းမာရေးဆရာဝန်တွေထံ သွားရောက်ပြသပေးရမှာ ဖြစ်ပါတယ်။

 

ရှောင်ရန်/ ဆောင်ရန်အနေနဲ့ အဓိက အရေးကြီးတဲ့အချက်တွေရှိပါတယ်။ အခုရောက်ရှိလာတဲ့ COVISHIELD ကာကွယ်ဆေး လုံးဝမထိုးရတဲ့ အခြေအနေမျိုးရှိနိုင်တာက ဆေးမှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ ဓာတ်မတည့်လို့ရှိရင် လုံးဝထိုးပေးလို့ မရပါဘူး။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ဆေးနဲ့ မတည့်သူဖြစ်ခဲ့ရင် ဒုတိယအကြိမ်မှာ ထိုးပေးလို့ မရပါဘူး။ ဒါတွေက သိထားရမယ့် အချက်တွေဖြစ်ပါတယ်။

 

သတိထားပြီး ကာကွယ်ဆေးထိုးပေးရမယ့် လူအုပ်စုလည်း ရှိပါတယ်။ ဒါက အိတ်ချ်အိုင်ဗီပိုး ကူးစက်ခံထားရခြင်း သို့မဟုတ် ကင်ဆာရောဂါ သို့မဟုတ် ကိုယ်ခံအားစနစ်ကို ထိန်းချုပ်တဲ့ဆေးဝါး သို့မဟုတ် ရောဂါကုထုံးတွေ ခံယူနေရတဲ့သူတွေ ရှိခဲ့မယ်ဆိုရင် ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအားတုန့်ပြန်မှု အားနည်းမှုရှိနေနိုင်တယ်။ သွေးမတိတ်သောရောဂါ၊ သွေးကျဲဆေးတွေ သောက်သုံးနေတဲ့သူတွေ ဖြစ်မယ်ဆိုလျှင် ဆေးထိုးပြီးတဲ့အခါ သွေးထွက်တဲ့ အနေအထားမျိုးတွေ ရှိလာနိုင်ပါတယ်။

 

ယာယီအားဖြင့် ဆေးထိုးပေးတဲ့အခါမှာ သတိထားပြီး ဆောင်ရွက်ရမယ့်ကိစ္စအဖြစ် သတ်မှတ်ထားတဲ့အချက်တွေက ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ သို့မဟုတ် ကိုဗစ် - ၁၉ သံသယလူနာ ဖြစ်ခဲ့ရင် ၁၄ ရက်စောင့်ပြီး ထိုးရမှာ ဖြစ်ပါတယ်။ အိတ်ချ်အိုင်ဗီကူးစက်ခံရခြင်း သို့မဟုတ် ကင်ဆာရောဂါ သို့မဟုတ် ခုခံအားစနစ်ကို ထိန်းချုပ်တဲ့ဆေးဝါး သို့မဟုတ် ရောဂါကုထုံးတွေ ခံယူနေရတဲ့သူတွေဆိုလျှင် သတိထားပြီး သူတို့ ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုးရှိမှသာ ထိုးပေးမှာဖြစ်ပါတယ်။

 

တချို့ တခြားရောဂါအခံရှိနေတယ်။ ဆေးကုသမှုခံယူနေတဲ့သူတွေဆိုလျှင် မိမိရဲ့ သက်ဆိုင်ရာ ဆရာဝန်ကို ကြိုတင်တိုင်ပင်ပြီး ဆေးထိုးမှု ခံယူရမှာဖြစ်ပါတယ်။ သွေးမတိတ်သောရောဂါ၊ သွေးကျဲဆေး သောက်နေရတဲ့သူတွေဆိုလျှင် ဆရာဝန်ကို တိုင်ပင်ဖို့ လိုအပ်သလို၊ အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် ဖြစ်နေပါက အဲဒီအချိန် ကျော်သွားမှသာလျှင် ကာကွယ်ဆေးထိုးဖို့အတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ကိုဗစ် ကာကွယ်ဆေး တစ်လုံးရဲ့ ကုန်ကျတဲ့တန်ဖိုးသိရှိလိုကြောင်း မေးခွန်းနဲ့စပ်လျဉ်းပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေး တစ်မျိုးမက ကမ္ဘာမှာ ပေါ်ပေါက်နေတာဖြစ်ပါတယ်။ ယူနစ် cost လို့ခေါ်တဲ့ ဆေးတစ်လုံးရဲ့ တန်ဖိုးကို ထုတ်လုပ်တဲ့နိုင်ငံ၊ ထုတ်လုပ်တဲ့နည်းစနစ် ကွဲပြားမှုအပေါ်မှာ မူတည်ပြီး ဈေးနှုန်းတွေက ကွဲပြားမှုရှိပါတယ်။

 

နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေအရ အနည်းဆုံးဈေးနဲ့ အများဆုံးဈေးကို ပြောရမယ်ဆိုလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာကနေ ဒေါ်လာ ၂၀ အထိ ကုန်ကျနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့် ကာကွယ်ဆေး အမျိုးအစားပေါ်မှာ မူတည်ပြီး ဈေးနှုန်းတွေလည်း ကွဲပြားသွားတယ်ဆိုတာကို တင်ပြလိုပါတယ်။ ရရှိမယ့်ကာကွယ်ဆေးက အိန္ဒိယနိုင်ငံကလာတဲ့ COVISHIELD ကာကွယ်ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ ထိုးနှံနိုင်ဖို့အတွက် စီစဉ်လျက်ရှိပါတယ်။

 

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး တရားဝင် သတင်းစကားတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တင်ပြပေးတာဖြစ်ပါတယ်။ ဒါပေမယ့် အပြင်မှာ သတင်းတွေက အမျိုးမျိုးထွက်နေပါတယ်။ ဒါကြောင့် ဘယ်အရင်းအမြစ် သတင်းကို ယုံကြည်ရမှာလဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောရေးဆိုခွင့် တာဝန်ပေးထားသူတွေရှိရင် သိပါရစေ မေးခွန်းနဲ့စပ်လျဉ်းပြီး အချက်အလက်များကို အတိအကျ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာတို့မှာ ဝန်ကြီးဌာနက အတိအကျ ထုတ်ပြန်ပေးထားပါတယ်။ ဒီအထဲမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။ ဒါတွေက ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ထားတဲ့ နေရာတွေဖြစ်ပါတယ်။

 

ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးထားတာရှိပါတယ်။ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ် နှစ်ဦးရှိပါတယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေပေးခြင်းနဲ့ လိုအပ်ပါက ပြည်သူလူထုကို ဆက်သွယ်ဖြေကြားပေးနိုင်ဖို့အတွက် နံပါတ်တစ်ပုဂ္ဂိုလ်က ဒေါက်တာသန်းနိုင်စိုး [ညွှန်ကြားရေးမှူး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန]နဲ့ နံပါတ်နှစ်ပုဂ္ဂိုလ်က ဒေါက်တာထားထားလင်း [ညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန] တို့ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ် နှစ်ဦးထံ မေးမြန်းလိုသော မေးခွန်းတွေကို မေးမြန်းနိုင်ပါတယ်။

 

ဒေါက်တာသီတာလှ။     ။           ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ပြည်သူ့ဆေးရုံတွေမှာ အခြေပြုထိုး သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဆေးခန်းတွေနဲ့ ဌာနတွေမှာပါ ဆေးထိုး/ မထိုး သိပါရစေ မေးခွန်းနဲ့ပတ်သက်ပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ၂၇ - ၁ - ၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့)မှာ စတင်ထိုးနှံမယ် အုပ်စုတွေကို ရှင်းပြသွားပြီးဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံအခြေပြုပြီး ကာကွယ်ဆေးထိုးနှံပေးမယ်ဆိုတာ မှန်ပါတယ်။

 

ဒါကြောင့် ပထမအုပ်စုကို ၂၇ - ၁ - ၂၀၂၁ ရက်မှာ စတင်ပြီး ထိုးနှံတဲ့အခါမှာ ပြည်သူ့ဆေးရုံတွေမှာ အခြေပြုပြီး ထိုးနှံပေးဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တင်ပြမှုနဲ့ ကိုဗစ် -၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပူပန်နေတဲ့သူတွေရှိတဲ့အတွက် ဆေးထိုးပြီးတဲ့အခါမှာ ကာကွယ်ဆေးက တခြားဆေးတွေလိုမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဆေးမထိုးခင်မှာ ကာကွယ်ဆေးအကြောင်းကို ထိုးမယ့်သူ တစ်ဦးချင်းစီကို ရှင်းပြထားရမှာ ဖြစ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ မေးခွန်း အဖြေ ကဏ္ဍရဲ့ ရည်ရွယ်ချက်ကလည်း ဒါတွေပါဝင်ပါတယ်။

 

ကာကွယ်ဆေးထိုးမယ့်သူတွေ အားလုံးကို ကာကွယ်ဆေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ ဒီလို ကြိုတင်သိထားခြင်းဖြင့် ပြည်သူ့ဆေးရုံကိုဖြစ်စေ၊ ဆေးထိုးမယ့်စုရပ်ကိုဖြစ်စေ လာရောက်ဆေးထိုးခံမယ့်သူတွေက ကာကွယ်ဆေးအကြောင်းကို သိပြီးတဲ့သူတွေ ဖြစ်တယ်။ လူတစ်ဦးချင်းစီကလည်း မိမိကိုယ်တိုင်ရဲ့ သဘောဆန္ဒအလျောက် သဘောတူထိုးနှံဖို့ ဆန္ဒရှိလို့ လာရောက်ခြင်းဖြစ်တယ်လို့ မှတ်ယူပါတယ်ဆိုတဲ့အကြောင်းကို လုပ်ငန်းလမ်းညွှန်တွေမှာ ဖော်ပြထားပါတယ်။

 

ဒါကြောင့် ဆေးရုံတွေမှာ အခြေပြုပြီး ထိုးမယ်လို့ ဆိုတဲ့အတွက် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ဗဟိုအဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကနေ သင်တန်းတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဗဟို အဆင့်ကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ကာကွယ်ဆေးထိုးမယ့်သူတွေကို ပြန်လည်ပြီး သင်ကြားပေးတဲ့ သင်တန်းတွေကို ယခုအချိန်မှာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

ကာကွယ်ဆေးရဲ့ ဓာတ်မတည့်မှုူတွေ၊ ကာကွယ်ဆေးထိုးနှံပြီးတဲ့ နောက်မှာဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့်လည်း ဒါကို အတိအလင်းဖော်ပြထားတာက ကာကွယ်ဆေးထိုးပြီးတဲ့ လူ ၁၀ ဦးမှာ တစ်ဦးထက်ပိုပြီး ခံစားရနိုင်ခြေရှိတဲ့ သာမန်လက္ခဏာဆိုတာရှိပါတယ်။ သာမန် လက္ခဏာဆိုတာ ဆေးထိုးတဲ့နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်ပြီးရင် ကိုယ်လက်ကိုက်ခဲမယ်၊ နုန်းမယ်၊ မအီမသာဖြစ်မယ် ဒါတွေက ၁၀ ဦးမှာ တစ်ဦး ဖြစ်နိုင်တယ်။ ဒါတွေက သာမန်လက္ခဏာလို့ ဆိုပါတယ်။

 

နောက်တစ်ခုက ၁၀ ဦးမှာ တစ်ဦးလောက်သာ ရှိနိုင်တာက ဆေးထိုးတဲ့နေရာမှာ အကျိတ်ငယ်တွေ ဖြစ်နိုင်တယ်။ ဖျားမယ်၊ အန်မယ် ရာသီတုပ်ကွေးလို လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီထက်ပိုပြီး အခုထိုးပေးမယ့် COVISHIELD အပါအဝင် ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေက လူ ၁၀၀ မှာ တစ်ဦးခန့် ခံစားရနိုင်ခြေရှိတဲ့ သာမန်လက္ခဏာတွေက မူးဝေမယ်၊ ယားယံမယ်၊ ချွေးထွက်လွန်မယ်၊ အစားစားချင်စိတ်နည်းမယ်၊ ဗိုက်အောင့်မယ်၊ ပြန်ရည်ကျိတ်တွေကြီးမယ် ဆိုတာတွေ ရှိနိုင်ပါတယ်။

 

ဒီနေရာမှာ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဒီလိုတွေ ရှိပေမယ့်၊ အခုအထိ တခြားနိုင်ငံ တွေမှာထိုးတဲ့ မှတ်တမ်းတွေအရ အသက်အန္တရယ် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်တဲ့အထိ မကြားမိသေးပါဘူး။ ဒါကြောင့် ဆေးထိုးပြီးလို့ ဖြစ်နိုင်တဲ့လက္ခဏာတွေ ရှိပေမယ့်၊ တကယ်လို့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရင်လည်း အရေးပေါ်ဆေးကုသမှုအဖွဲ့ကို ဆေးထိုးမယ့်နေရာအနီးမှာ အသင့်အနေအထား ပြင်ဆင်ပြီး အနီးကပ်ထားရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးထိုးမယ့်နေရာကို ပြည်သူ့ဆေးရုံတွေအဖြစ် ရွေးချယ်ရခြင်းဖြစ်ပါတယ်။

 

အခုပထမအုပ်စု ထိုးနှံပြီး ရလာတဲ့အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကိုယူပြီး နောက်အုပ်စုတွေအတွက် ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေကို ပြန်လည်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆေးထိုးပြီးတဲ့အခါမှာ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်မှု ရှိ/ မရှိ၊ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိ/ မရှိ သေချာအောင် ဆေးထိုးပြီးရင် ချက်ချင်းအိမ်ပြန်လို့ မရပါဘူး။ အနည်းဆုံး မိနစ် ၃၀ (နာရီဝက်) စောင့်ဆိုင်းဖို့ အရေးကြီးပါတယ်။

 

ပထမအကြိမ် ဆေးထိုးပြီးရင် ကာကွယ်ဆေးထိုးနှံခြင်း မှတ်တမ်းကတ်ပေးလိုက်မှာ ဖြစ်ပါတယ်။ ဒီကတ်ကို သိမ်းထားပြီး မပျောက်မပျက် စနစ်တကျ သိမ်းဆည်းထားပြီး နောက်တစ်ကြိမ် ဆေးထိုးဖို့လာတဲ့အခါ ဒီကတ်ပြားကို ပြန်လည်ယူဆောင်လာရမယ်ဆိုတာကို မေတ္တာရပ်ခံ အသိပေး တင်ပြချင်ပါတယ်။

 

ကာကွယ်ဆေး မရခင်က ဆေးရဖို့အတွက် အရမ်းမျှော်လင့်နေကြပြီး ဆေးထိုးရမယ်အချိန်မှာ ကြောက်နေကြတဲ့သူတွေရှိပါတယ်။ ဒါကြောင့် ကျွန်မပြောခဲ့တဲ့ ဆေးထိုးပြီးဖြစ်နိုင်တာက ဆေးထိုးပြီး အကြောက်လွန်မှုကြောင့် မူးဝေတာတွေ ဖြစ်နိုင်ပါတယ်။

 

နောက်တစ်ချက် တင်ပြချင်တာက မေးခွန်းတွေထဲမှာ မကြာခဏတွေ့ရပါတယ်။ ကိုဗစ် - ၁၉ ပိုးတွေ့လူနာဖြစ်တယ်။ ဆေးရုံတွေ၊ ဆေးကုသရေးစင်တာတွေ တက်ရောက်ကြတယ်။ ဆေးရုံကနေ ဆင်းခွင့်ပြုတဲ့အခါမှာ သတ်မှတ်ချက်တွေကို သေသေချာချာပြုစုပြီး ထုတ်ဝေထားတာရှိပါတယ်။ ဒီ သတ်မှတ်ချက်တွေမှာ အများစုသိကြတာက ပိုးတွေ့တယ် ရောဂါလက္ခဏာ ပြတဲ့သူရှိတယ်/ မပြတဲ့သူရှိတယ်။ အခုနောက်ဆုံး သုတေသနပြုချက်တွေအရ ရောဂါလက္ခဏာ မပြတဲ့သူတွေက ၆၃ ရာခိုင်နှုန်းရှိတာကို အားလုံးက သိရှိပြီးဖြစ်ပါတယ်။

 

ဒါကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူတဲ့အခါမှာ ရောဂါလက္ခဏာ မရှိဘူး၊ ရောဂါလက္ခဏာ မပြတဲ့သူကို ဆေးရုံမှာ ၁၀ ရက်ထားပါတယ်။ ဒီ ၁၀ ရက်ကို ရောဂါပိုးတွေ့ရှိသော Swab ယူတဲ့နေ့က စပြီး ၁၀ ရက် သတ်မှတ်ထားပါတယ်။ နောက်တစ်ချက်က ရောဂါပိုးတွေ့တယ်၊ ရောဂါလက္ခဏာလည်း ရှိတယ်။ ဒါကို နှစ်မျိုး ထပ်ပြီးခွဲပါတယ်။ သာမန် သို့မဟုတ် အသင့်အတင့်ရှိတဲ့သူနဲ့ ပြင်းထန်ရောဂါလက္ခဏာရှိတဲ့သူဆိုပြီး ရှိပါတယ်။ ပြင်းထန်ရောဂါလက္ခဏာရှိတဲ့ကို အနည်းဆုံး အတွင်းလူနာအဖြစ် ရက် ၂၀ ထားပါတယ်။

 

ရောဂါပိုးတွေ့တယ်၊ မပြင်းထန်ဘူး၊ ရောဂါလက္ခဏာလည်းရှိတယ်။ သာမန် သို့မဟုတ် အသင့်အတင့် ရှိတယ်ဆိုရင် သူကို ရောဂါလက္ခဏာပြသည့်ရက်မှစ၍ ၁၀ ရက်နဲ့ ရောဂါလက္ခဏာပျောက်ပြီး တစ်ရက် စုစုပေါင်း ၁၁ ရက် သတ်မှတ်ထားတာရှိပါတယ်။

 

ခြုံပြီးပြောရရင် ၁၀ ရက်၊ ၁၁ ရက်၊ ၁၄ ရက်ဆိုပြီး ဆေးရုံဆင်းရန် သတ်မှတ်ချက်တွေကို စာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ဆေးရုံတွေ၊ ဆေးကုသဌာနတွေ အကုန်လုံးကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် ယူကေနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ မျိုးဗီဇပြောင်းလဲမှုရှိတဲ့ မျိုးကွဲအသစ်ကို တွေ့ရှိရပါတယ်။ ဒီမျိုးကွဲအသစ်ကလည်း ကူးစက်ပျံ့နှံ့မှုကို ပိုပြီးများပြားစေနိုင်တဲ့ကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှာ အတည်ပြုကြေညာခဲ့ပါတယ်။

 

ဒါကြောင့် ပြည်ပနိုင်ငံတွေကနေ ပြန်ရောက်လာတဲ့ ရောဂါပိုးတွေ့လူနာဆိုရင် ခုနကလို ၁၀ ရက်၊ ၁၁ ရက် မဟုတ်ဘဲ အနည်းဆုံး သာမန် သို့မဟုတ် အသင့်အတင့် လူနာကို ၁၄ ရက်ထားပါတယ်။ ဒီလို သတ်မှတ်ထားတာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဦးစီးမှူးတွေနဲ့ ဆေးရုံအုပ်ကြီးတွေထံ ပေးပို့ထုတ်ပြန်ထားပါတယ်။

 

ဒေါက်တာထွန်းတင်။    ။           အသွားအလာကန့်သတ်ခြင်း၊ ကွာရန်တင်းပြုလုပ်တယ်ဆိုတာက ရောဂါပိုးတွေ့လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ၊ အနီးကပ်ရှိတဲ့ မိသားစု၊ ဆွေမျိုးသားချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နောက်တစ်ခုက ရောဂါကူးစက်မှု များပြားနေတဲ့ ဒေသတွေကနေပြီး ရောဂါကူးစက်မှု မရှိသေးတဲ့ ဒေသတွေ၊ ရောဂါကူးစက်မှု နည်းတဲ့ဒေသတွေကို သွားရောက်တဲ့သူတွေ ဒီလူတွေကနေတစ်ဆင့် ရောဂါကူးစက်မှု မဖြစ်ပွားစေဖို့အတွက်၊ ဒီလိုလူတွေကနေ ရောဂါကူးစက်မပျံ့ပွားစေဖို့ ကွာရန်တင်းလုပ်ငန်းကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

 

ယခင်တုန်းက ရောဂါကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မသိရသေးတဲ့အခါမှာ သတင်းအချက် အလက်တွေအပေါ်မှာ မူတည်ပြီး အချိန်ကာလတွေ အမျိုးမျိုးပြောင်းလဲ သတ်မှတ်ပြင်ဆင်ပြီး ဆောင်ရွက်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ရောဂါနဲ့ပတ်သက်လို့ သိပ္ပံပညာရပ် ပိုင်းဆိုင်ရာ တိုးတက်မှုတွေကြောင့် ကာကွယ်ဆေးဆိုတာ ပေါ်လာခဲ့သလို၊ ကွာရန်တင်းကိစ္စနဲ့ ပတ်သက်လို့ ဆောင်ရွက်တဲ့ ရက်သတ်မှတ်ချက် ပြောင်းလဲမှုတွေ၊ လုပ်ငန်းစဉ်ပြောင်းလဲမှုတွေ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို ကမ္ဘာ့နိုင်ငံတွေနဲ့အညီ မြန်မာနိုင်ငံအနေနဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲဆောင်ရွက်လျက်ရှိပါတယ်။

 

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ပြီး ဆောင်ရွက်နေတဲ့ ကွာရန်တင်းလုပ်ငန်းစဉ်တွေကို ရှင်းပြသွားပါမယ်။ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ Stay at Home အစီအစဉ်မှာ မပါဝင်တဲ့ မြို့နယ်တွေဆိုပြီး ခွဲခြားသတ်မှတ်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို ပြန်ကြည့်ရင် ပြည်ပနိုင်ငံကနေ ကုန်းလမ်း၊ ရေလမ်းနဲ့ ပြန်ရောက်လာတဲ့သူတွေ၊ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေပြီး Facility Quarantine လို့ခေါ်တဲ့ သတ်မှတ်တဲ့နေရာမှာ အသွားအလာ ကန့်သတ်ထားခြင်းကို တစ်ပတ် (၇ ရက်) ထားရှိပါတယ်။

 

ဒီလိုဆောင်ရွက်ပြီးတဲ့အခါမှာ ရောဂါစစ်ဆေးရေးလုပ်ငန်းတွေကို လုပ်ပါတယ်။ ရောဂါပိုးမတွေ့ဘူးဆိုရင် အိမ်မှာဆက်ပြီး ကွာရန်တင်း ၇ ရက်ထပ်နေရပါတယ်။ စုစုပေါင်း ၁၄ ရက်ဖြစ်ပါတယ်။ ဒီမြို့နယ်တွေမှာ ပြည်ပနိုင်ငံတွေကနေ ဝင်လာတဲ့သူတွေ၊ ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့သူတွေ၊ Stay at Home လို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေက လာရောက်တဲ့သူတွေ ဒီလူတွေ အကုန်လုံးကို ကျွန်တော်တို့က Facility Quarantine လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့နေရာမှာ အသွားအလာကန့်သတ်ပြီး ၁၄ ရက်တိတိ ထားရှိပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆောင်ရွက်ပါတယ်။ စစ်ဆေးမှုမှာ ရောဂါပိုး မတွေ့ဘူးဆိုရင် ၁၄ ရက်ပြည့်တဲ့အချိန်မှာ ကွာရန်တင်းကိစ္စ ပြီးစီးပြီလို့ သတ်မှတ်ပါတယ်။ ဒါက အခုနောက်ဆုံး ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေတာကို တင်ပြတာပါ။

 

ဒီနေရာမှာ နောက်ထပ်တစ်ခု တင်ပြချင်တာက ပြည်တွင်းလေကြောင်း သွားလာရေးလုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်ကစပြီး ပြန်လည်ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း သတ်မှတ်တဲ့ လိုအပ်ချက်တွေကို ကြိုတင်အသိပေးထုတ်ပြန်ထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို သွားရောက်မယ်ဆိုရင် လိုအပ်ချက်အရ ရောက်တဲ့နေရာမှ ကွာရန်တင်းကိစ္စတွေကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာကို ပြည်သူတွေကို အသိပေးချင်ပါတယ်။

 

ဒါက ရောဂါရဲ့ ပြောင်းလဲမှုဖြစ်စဉ်၊ ပြည်ပနိုင်ငံတွေမှာ ဆောင်ရွက်မှု အနေအထား၊ ရောဂါရဲ့ မျိုးရိုးဗီဇပြောင်းလဲမှု ဒီအခြေအနေတွေ၊ ကူးစက်ရောဂါဗေဒဆိုင်ရာ သုံးသပ်ချက်တွေအပေါ်မှာ မူတည်ပြီး လုပ်ငန်းစဉ်တွေကို ဒေသအလိုက် အနည်းငယ်ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲပြီး ဆောင်ရွက်ရခြင်းက အသက်အန္တရယ်ဆုံးရှုံးမှုတွေနဲ့ ရောဂါဖြစ်ပွားမှု များပြားလာနိုင်တာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 

ပြည်ပနိုင်ငံတွေကနေပြီး ပြည်သူတွေ ပြန်လာဖို့အတွက် လေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ပေးမယ့် အခြေအနေကို သိရှိလိုကြောင်း မေးခွန်းနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အနေနဲ့ ဒါကို အထူးအလေးပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ကိုယ့်နိုင်ငံကို ပြန်လာမယ့်သူတွေ ရှိသလို၊ တစ်ဖက်မှာလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိတာကြောင့် တစ်ချိန်တည်းမှာ လေကြောင်းလိုင်းအားလုံးကို ပြန်လည်ဖွင့်လှစ်ပေးခြင်းမျိုး မဟုတ်ဘဲ ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ နိုင်ငံအတွင်းမှာ ဖြစ်ပွားမှုအခြေအနေ ဒါတွေအပေါ်မှာ မူတည်ပြီး အဆင့်လိုက် လေကြောင်းလုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်သွားမယ် ဆိုတာ တင်ပြလိုပါတယ်။

 

ဒီလိုဆောင်ရွက်တဲ့နေရာမှာ လက်ရှိပြောင်းလဲကျင့်သုံးလျက်ရှိတဲ့ ပြည်ပနိုင်ငံတွေကနေ လေကြောင်းခရီးနဲ့ ပြန်လည်ရောက်ရှိလာမယ့် သူတွေကို ကွာရန်တင်းလုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ မည်သည့်နိုင်ငံကမဆို ပြည်ပနိုင်ငံတွေကနေ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာတဲ့သူတွေကို သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်ထားရှိပြီး ကွာရန်တင်းလုပ်ငန်းစဉ်တွေအရ ၁၄ ရက်ပြည့်အောင်ထားပြီး ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ မည်သည့် မြို့နယ်မှာမဆို Stay at Home နဲ့ Non Stay at Home မခွဲခြားဘဲ ပြည်ပနိုင်ငံကနေ လေကြောင်းခရီးနဲ့ ပြန်လာရင် သတ်မှတ်နေရာမှာ ၁၄ ရက် အသွားအလာကန့်သတ်သွားမယ်ဆိုတာကို အသိပေးချင်ပါတယ်။

 

ဒီကွာရန်တင်းလုပ်ငန်းကို အတတ်နိုင်ဆုံး တိတိကျကျနဲ့ ကြိုးစားပြီးဆောင်ရွက်ပါတယ်။ ဒီလိုကွာရန်တင်းလုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်းမှာ ကူးစက်မှုမဖြစ်ပွားနိုင်မှာ အားလုံးအထူးဂရုပြု နားလည်စေချင်ပါတယ်။ အခုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းပေါင်းစုံနဲ့ ဆောင်ရွက်နေရုံနဲ့ လုံလောက်မှု မရှိပါဘူး၊ သက်ဆိုင်ရာပြည်သူတွေက ဒါကိုနားလည်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှသာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် အောင်မြင်မှာဖြစ်ပါတယ်။

 

ထက်လျှံ