ချယ်ရီမြို့ သို့မဟုတ်  ဖွံ့ဖြိုးတိုးတက်နေသော သမိုင်းဝင်မြို့

ဆလိုင်းဒေးဗစ်

 

နံနက်ခင်းရောက်ပြီဆိုသည်နှင့် မြူနှင်းမှုန်များက ရုန်းတောင်တန်းပေါ်တွင် အုပ်မိုးလျက်ရှိသည်။ နှင်းထူသောနေ့ဆိုလျှင် ရုန်းတောင်ခြေတွင် ဆောက်ထားသောအိမ်များ၊ အဆောက်အဦများက ဘာမှမမြင်ရတော့ဘဲ နေရောင်ခြည် ထွက်လာသည်နှင့် မြူမှုန်များက တောင်နှစ်ခုကြားထဲသို့ လွင့်မျောနေသည်ကို လှပစွာတွေ့ရသည်။ ဂန့်ဂေါမှလာလျှင် (၈၆)မိုင်၊ ကလေးမြို့မှလာလျှင် မိုင်(၁၂၀) ဖလမ်းမြို့မှလာလျှင် (၅၅)မိုင်၊ ထန်တလန်မြို့မှလာလျှင်(၂၄)မိုင်၊ မတူပီ မြို့မှလာလျှင် (၁၇၃) မိုင်ဝေးသဖြင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည်ဟု ဆိုနိုင်သည်။ ဂန့်ဂေါမြို့မှလာလျှင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် တောင်ပေါ်ခရီးကို ၃ နာရီခွဲဖြင့် ရောက်နိုင်သည်။ တောင်ကြီးဖဝါးအောက်ဆိုသည့်အတိုင်း Hi Jack ဒေသအခေါ်ခွေးဘီလူးကားလေးများ ပင်ရောက်လာကြသည်။ မိုးရာသီသဘာဝအတိုင်း နှင်းမှုန်ထုများက ပတ်ဝန်းကျင်တစ်ခုလုံးကို အဖြူရောင်ဇာပဝါ ကဲ့သို့ခြုံထားသည်၊ အေးစိမ့်စိမ့်နှင့် အချမ်းဓာတ်ကြိုက်သူ မြေပြန့်သားများအတွက် အကောင်းဆုံး ရာသီဥတုဖြစ်ပါသည်။

 

သမိုင်းဝင်ကန်အဖြစ် တည်ရှိနေ

 

နွေရာသီဆိုလျှင် ခြောက်သွေ့၍ မြန်မာပြည်အနှံ့အပြားမှလာရောက်လေ့လာသူများဖြင့် စည်ကားသည်။ ကမ္ဘာကျော် အသည်းနှလုံးသဏ္ဌာန် ရိဒ်ရေကန်နှင့် မတူပီမြို့မှ ဘုံတလာရေတံခွန်သို့ သွားမလား၊ ကန်ပက်လက်မြို့နယ် ဝိတိုရိယတောင်၊ ခေါ်နူးစုမ်ကိုသွားချင်သေးလား၊ ဖလမ်းမြို့နယ်ရှိ ဇိန်မှုးတောင်ကို တက်ချင်သေးလား သင်ကြိုက်သလို ရွေးချယ်နိုင်သည်။ နီးနီးနားနား ထန်တလန်မြို့ ၏ သဘာဝအလှကို လေ့လာနိုင်ရုံသာမက လှပသောသီးကီရ် ရေလှောင်တမံကိုလည်း သွားရောက်လေ့လာနိုင်ပါသေးသည်။ မြို့တွင်းသို့ ဝင်လာသည်နှင့် မြို့အဝင်ရှိ ပထမခွာရုံဆရာတော် ကျောက်ဖြစ်ရုပ်ကြွင်း၊ တပ်ဦးကျောင်းစေတီရှိသည်။ လူအများမှ တန်ခိုးကြီးသည်ဟုယူဆ၍ ဘုရားလာဖူးကြသည်။ တောင်ဇလပ်ပန်းပင်များ ပေါများပြီး ရှုခင်းလှပသဖြင့် လာရောက်ကြသူများ သဘောကျ နှစ်ခြိုက်ကြသည်။ ၎င်းမှတစ်ဆင့် View Point မျှော်စင်ပေါ်မှ မြို့ရှုခင်းကို တွေ့နိုင်ပါသည်။ View Point အဝင် မုခ်ဦးတွင် ချင်းတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသော မောင်မယ်နှစ်ဦးပုံ၊ ကျားနှင့်နွားနောက်ပုံကို ပန်းချီဖြင့် ရေးဆွဲထားပုံမှာ အလွန်လှပသည်။ မျှော်စင်မှာ ပေ၄၀ ရှိပြီး မြို့တစ်ခုလုံးကိုအပေါ်မှ ကြည့်နိုင်ပါသည်။ အသည်းပုံသဏ္ဌာန်ချစ်သူများ သစ္စာရှိရှိနေထိုင်ရန်အတွက် သော့ခလောက်ချိတ်သည့် နေရာကိုလည်း ပြုလုပ်ထားပေးသည်။ သန့်ရှင်းသပ်ရပ်၍ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။ ထိုမှ ထွက်လာပြီးဆိုသည်နှင့် ဌာနဆိုင်ရာရုံးများ၊ ကွေ့ကောက်သော ကတ္တရာလမ်းအတိုင်း လမ်းဆုံနေရာတွေ့ရပေမည်။ လမ်းဆုံတွင် ဝမ္မသူးမောင်အားကစားကွင်းကို တွေ့မြင်ရသလို ညာဘက်ဆက်သွားပါက တော်လှန်ရေးရေကန်နှင့် ချင်းတောင်တန်းဆရာတော် သီတင်းသုံးရာ ဇေတဝန်ဘုန်းတော်ကြီးကျောင်း၊ အိပ်မက်တော်ရ သစ္စာအောင်မြင်ကုန်းတော်သို့လည်း သွားရောက်နိုင်ပါသည်။ ချင်းပြည်နယ်၏ လေ့လာစရာကောင်းသော နေရာတစ်ခုလည်းဖြစ်ပါသည်။ ရေကန်မှာနက်ပြီး တောင်ကျရေများကို ပြန်လည်စီးဆင်းထားစေသည်။ သဘာဝပန်းခြံအဖြစ် အနားယူရန် လုပ်ထားသော်လည်း သမိုင်းဝင်ကန်အဖြစ် တည်ရှိနေပေပြီ။

 

ကားလေးဖြင့် မြို့ထဲဝင်လာပါက မင်္ဂလာပါ။ ချယ်ရီ၊ ဂရေ့စ်၊ Center ဇွဲစသည့် တည်းခိုခန်းများရှိကြပြီး မြန်မာ့အစားအစာ မုန့်ဆိုင်များ၊ ချင်းရိုးရာအထည်ဆိုင်များ၊ ရွှေမြို့တော် ၊ ချင်းတောင်တန်း၊ ရွှေနယ်စပ်၊ လိုင်ဗား၊ အိုကေ၊ GoldenRose၊ ချယ်ရီဝမ်း၊ ချယ်ရီတူး၊ သင်းရနံ့၊ စသည့် စားသောက်ဆိုင်များရှိကြသည်။ ဟင်္သတ ထမင်းဆိုင်၊ အေးထမင်းဆိုင်၊ ချယ်ရီဆိုင်တို့မှာလည်း မြန်မာထမင်း ဟင်း နာမည်ကြီးသည်။ လမ်းဘေးတွင် သစ်လွင်တောက်ပသော တိုက်အိမ်များ၊ ပျဉ်ထောင်အိမ်များက အစီအရီရှိသည်။ မြန်မာ့စီးပွားရေးဘဏ်၊ စီဘီဘဏ်၊ ကမ္ဘာဇဘဏ်၊ ဧရာဝတီဘဏ်တို့လည်း ရှိသဖြင့် မြို့၏စီးပွားရေးမှာကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းအပြင် ချင်းရိုးရာအိမ်၊ ချင်းရိုးရာပြတိုက်တို့လည်းရှိသဖြင့် ဧည့်သည်များက လာရောက်လေ့လာကြသည်။ ၎င်းအပြင် ထန်တလန် မြို့အထွက်ရှိ သီးမစ်ချိုင့်ဝှမ်း ရှုခင်းက သာယာလှပသဖြင့် ဓာတ်ပုံရိုက်ကြသူများ အကြိုက်ဖြစ်သည်။ ဆုတောင်းတောင်ကလည်း ဒေသခံများသွားရောက်နေကြသော နေရာတစ်ခု ဖြစ်သည်။ အားကစား၌ နိုင်ငံ့လက်ရွေးစင်လူငယ်များ မွေးထုတ်ပေးရန်အတွက် အားကစားသိပ္ပံကိုဆောက်လုပ်လျက်ရှိပြီး ခုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံ၊ သားဖွားဆေးရုံ၊ ပညာရေးကောလိပ်၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ ကောလိပ်တို့အပြင် အထက်တန်းကျောင်း လေးကျောင်းရှိသည့်အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရန် နိုင်ငံတော်မှပံ့ပိုးပေးလျက်ရှိသည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ ၎င်းအပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အမေရိကန်နိုင်ငံရှိ အိမ်ဖြူတော် သဏ္ဌာန်ပြုလုပ်ထားသော ပြည်နယ်လွှတ်တော်နှင့် မန်းထာရိပ်သာတို့ကလည်း လေ့လာရန် အလွန်ပင်ကောင်းမွန်လှပေသည်။ တရားလွှတ်တော်ရုံးကလည်း ဆောက်လုပ်ပြီးစီးပါက ခန့်ညားသော အဆောက်အဦအဖြစ်ပေါ်ထွက် လာမည်ဖြစ်ပါသည်။ ၎င်းအပြင် ချင်းပြည်နယ်ခရီးသွားများ တိုးတက်စေမည့် ဖလမ်းမြို့နယ်၊ ဆူရ်ဘုန်လေယာဉ်ကွင်းမှာလည်း ပြီးစီးပါက ပြည်တွင်းပြည်ပ ခရီးသွားများ တိုးတက်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။

 

လာရောက်လေ့လာစေလို

 

ဆောင်းရာသီရောက်ပြီဆိုလျှင် မီးသတ်ကုန်းတစ်လျှောက်တွင် ချယ်ရီပန်းပင်များ မြိုင်မြိုင် ဖူးပွင့်နေသကဲ့သို့ မြို့ပေါ်နေရာအနှံ့အပြားတွင် ချယ်ရီပင်များဖူးပွင့်နေပြီး ချယ်ရီမြို့ဟုလည်း တင်စားခေါ်ဝေါ်ကြပါသည်။ စားဝတ်နေရေးပြီးလျှင် ခရီးသွားလာရေးက အရေးကြီးဆုံး ဖြစ်လာမည်ဟု ပညာရှင်များက ဆိုသည့်အတိုင်း ချင်းပြည်နယ်၏ အလှအပ၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှုကြောင့် ချင်းပြည်နယ်ကို မရောက်ဖူးလျှင် ဘဝ၌ လိုအပ်ချက်ရှိနေသလို ခံစားနေရမည်ဖြစ်သည်။ ပန်းဥယျာဉ်ထဲတွင် လှပစွာ ဖူးပွင့်နေဟန်ရှိသော ချင်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ၊ စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာဓလေ့များကို လာရောက်လေ့လာစေလိုပါသည်။ ချင်းတိုင်းရင်းသားတို့က လေသံဝဲဝဲ စကားများပြော၍ ရိုးသားသောအပြုံးများဖြင့် ကြိုဆိုနေကြမည်ဖြစ်ပါသည်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြသော ဦးကီယိုမန်းမွေးဖွားသော နေရာလည်း ဖြစ်ပါသည်။ ထိုနေရာကား အခြားမဟုတ်ပါ။ ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့ပင် ဖြစ်ပါသည်။ အဆွေတော်တို့ တစ်ခါတစ်ခေါက်လာရောက်ပါက သန့်ရှင်းသော သဘာဝလေနုအေးနှင့် လတ်ဆတ်သော အသီးအနှံများကို စားသုံး၍ စိတ်အပန်းဖြေ ကြည်နူးနှစ်သက်ကြမည်မှာ မလွဲဧကန်ပင်ဖြစ်ပါ တော့သည်။

 

ကြေးမုံ