ချယ်လ်ဆီးမှ ဝီလီယံကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် အာဆင်နယ်သဘောတူညီမှုရရှိ

  ဩဂုတ်

ချယ်လ်ဆီးမှ ဝီလီယံသည် တစ်ပတ် ပေါင် ၁၀၀၀၀၀ နှင့်အတူ အာဆင်နယ်အသင်း၌ သုံးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း၊ အဆိုပါကစားသမား၏ အပြောင်းအရွှေ့ကို ယခုလနောက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လာမည့် တနင်္ဂနွေနေ့တွင် အသက် ၃၂ နှစ်ပြည့်တော့မည်ဖြစ်သော ဝီလီယံသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းနှင့်အသင်းကြား အဆင်မပြေခဲ့ခြင်းကြောင့် စတန်းဖို့ဒ်ဘရစ်၌ ခုနစ်နှစ်ကြာ ဖြတ်သန်းမှုကို အဆုံးသတ်ရန် နီးစပ်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နည်းပြလမ်းပတ်အနေဖြင့် ဝီလီယံကို အသင်းတွင် ဆက်လက်နေရန် ဆန္ဒရှိနေသော်လည်း စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှု မအောင်မြင်ခဲ့သောကြောင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဖြစ်ပေါ်လာခဲ့ခြင်းလည် းဖြစ်သည်။

ဝီလီယံ၏ အေးဂျင့်ဖြစ်သူ ကိုင်ဂျိုရတ်ချိန်းသည် ပရီမီယာလိဂ်ကလပ် အသင်းနှစ်သင်းအပါအဝင် အသင်းငါးသင်းက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော် ပြောကြားထားသည်။ အာဆင်နယ်အသင်းအနေဖြင့် အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ဝီလီယံသည် ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းတွင် ပါဝင်ကစားခဲ့ခြင်း မရှိကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် လာမည့်ဘောလုံးရာသီတွင် ယူရိုပါလိဂ်ကစားခွင့်ရရှိခဲ့သည်။ ဝီလီယံသည် ၂၀၁၃ ခုနှစ်တွင် ရုရှားကလပ် Anzhi Makhachkala အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်၃၃၉ ပွဲပါဝင်ကစားထားပြီး ၆၃ ဂိုးသွင်းယူပေးထားနိုင်ကြောင်း သိရသည်။ ထို့အပြင် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီမီယာလိဂ် အမှတ်ပေး ဖလားကို ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ၂၀၁၆-၂၀၁၇ ခုနှစ်တို့တွင် ဆွတ်ခူးရရှိထား၍ အက်ဖ်အေဖလားကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရရှိထားကာ ယူရိုပါလိဂ်ဖလားကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆွတ်ခူးရရှိထားသူဖြစ်သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် EFL ဖလားကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်သည်။

အခြားသတင်းတစ်ရပ်တွင် အာဆင်နယ်အသင်းသည် အသင်းခေါင်းဆောင် အူဘာမီယန်နှင့် သုံးနှစ်စာချုပ်သစ် ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရှိရန် နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။ အာဆင်နယ် အသင်းအနေဖြင့် အူဘာမီယန်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါက ၂၀၂၃ ခုနှစ်အထိ အမ်းမရိတ်တွင် ထိန်းထားနိုင်တော့မည် ဖြစ်သည်။ ထို စာချုပ်သစ်တွင် အူဘာမီယန်အနေဖြင့် တစ်ပတ်ပေါင် ၂၅၀၀၀၀ ရရှိမည့်အပြင် အပိုဆုကြေးများလည်း ရရှိဖွယ်ရှိကြောင်း သိရသည်။

အောင်ဇော်