ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီ ဒဏ်ရာပြဿနာနဲ့ ကြုံခဲ့ရ

၁၃  အောက်တိုဘာ

ချယ်လ်ဆီးကွင်းကယ်ကစားသမား ကန်တီဟာ ပြင်သစ်အသင်းက အိုင်စလန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်အတိုင်မီ သွေးပူလေ့ကျင့်ခန်းဆင်းချိန်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကန်တီဒဏ်ရာပြဿနာကြုံခဲ့ရတာကြောင့် ပွဲထွက်ကစားသမားစာရင်းကနေ ချန်ထားခဲ့ပြီး စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဆစ်ဆိုကိုကို ထည့်သွင်းကစားစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ပွဲကစားချိန် ၆၆ မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကနေ တိုက်စစ်မှူး ဂျရူးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျရူးရဲ့ အဲဒီသွင်းဂိုးဟာ ပြင်သစ်အသင်းအတွက် ဂျရူးရဲ့ ၃၇ ဂိုးမြောက် သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ အိုက်စလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စု(H)မှာ အဆင့်(၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အဆင့်(၃)နေရာက အိုက်စလန်ကို ခြောက်မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအုပ်စုမှာ တူရကီက အယ်လ်ဘေးနီးယားကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်(၁)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်