ခရီးသွားတွေ မသိသေးတဲ့ ဘောလခဲဝန်းကျင်က စိတ်ဝင်စားစရာများ

Thiha, the Traveller @ သီဟလုလင်

ဘော်လခဲ (တချို့ ကလည်း ဘောလခ်) ဆိုတဲ့ ကယားပြည်နယ်က အထင်ကရရုံးစိုက်ရာ မြို့လေးကို ကျွန်တော်ရောက်ဖြစ် တော့ ဒီနယ်ဝန်းကျင်မှာလည်း ခရီးသွားတွေ စူးစမ်းထိုးဖောက်လေ့လာနိုင်မယ့် ယဉ်ကျေးမှု ရှေးဟောင်းအဆောက်အအုံတွေနဲ့ သမိုင်းကြောင်းတွေ ရှိနေတယ်ဆိုတာ မထင်မှတ်ဘဲ သိလိုက်ရတယ်။ သွားလာရခက်ခဲဝေးလံ ပေမယ့် အဲဒီနေရာတွေဆီကို အရောက်သွား ဖြစ်ခဲ့တယ်။ တော်ရုံ စိတ်ရှည်မှုမျိုးနဲ့တော့ ဒီဘက်ခရီးသွားဖို့ သိပ်မဖြစ်နိုင်ဘူး။ ရှာဖွေ စူးစမ်း ခရီးသွားရတာမျိုးကို ကြိုက်တဲ့ သူတွေနဲ့ ပိုကိုက်တယ်လို့ ဆိုရပါမယ်။ ဒီဘော်လခဲ ခရီးစဉ်လေးမှာ ကျွန်တော်ကဘော်လခဲမြို့ ပေါ်ထက် ဘော်လခဲနယ်ထဲက တခြားမြို့နဲ့ရွာတွေဆီကို ခရီးနှင်သမျှလေး တွေ ဝေမျှပေးချင်တာပါ။

ဘော်လခဲ ဆိုတာ 

ကယားပြည်နယ်ထဲက တိတ်တိတ် ဆိတ်ဆိတ်ရှိလှတဲ့ ရုံးစိုက်မြို့လေးပါ။ ရုံးပေါင်းစုံရှိပေမယ့် စည်စည်ကားကား ဆူဆူ ညံညံမရှိဘဲ အမြဲအေးချမ်းနေသလိုဖြစ်နေတဲ့ မြို့လေးလို့ ဆိုချင်ပါတယ်။ ဒီနယ်ဝန်းကျင်မှာ ကယားလူမျိုးတွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ ယင်းတလဲလူမျိုးတွေလည်း နေထိုင်ကြပါသေးတယ်။ သူတို့ရွာတွေဆီလည်း ခရီးနှင်သင့်တယ်လို့ ကျွန်တော် ယူဆမိတယ်။ တခြား ကယားပြည်နယ်ထဲက မြို့တွေထက် ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ် သူတွေ ပိုများတယ်လို့ ထင်မြင်မိပါတယ်။ စော်ဘွားခေတ်ကို ဖြတ်သန်းခဲ့ရတာမို့ ဟော် လိုမျိုးတွေရှိခဲ့ပေမယ့် ခုတော့ ပျက်စီးယိုယွင်း နေပါပြီ။ ပထမဆုံး စတင်တည်ထောင်သူ ဆိုရင်တော့ ပထမ ဖဘန့်မင်း (ဖိုးကျား) စော်ဘွားကြီးလို့ မှတ်သားရပါတယ်။ အရင်က ရှိခဲ့တဲ့မြို့က ချောင်းနှစ်ခုဖြစ်ကြတဲ့ တဘောချောင်း (အမိချောင်း) နဲ့ တခဲလျှာချောင်း (အဘချောင်း) တို့ကို အစွဲပြုပြီး တဘောတခဲ လို့မြို့ ကိုခေါ်ရာကနေနောက်တော့ တခဲ၊ ပြီးတော့ ဘောလခဲလို့ ဖြစ်လာတယ် ဆိုပြန် ပါတယ်။ ယင်းတလဲစကားအရ ဆိုရင်တော့ မိဘမြို့လို့ အဓိပ္ပာယ်ရတဲ့ အကြောင်းကို ဖတ်မှတ်လေ့လာခဲ့ရပါတယ်။

 

3214

ရာသီဥတု 

ကျွန်တော်က လွိုင်ကော်ကနေလာလည် ဖြစ်တော့ ဟိုဘက်မှာ အေးသလောက် ဘော်လခဲလည်း ရောက်ရော ပူတယ်လို့ ခံစားရတယ်။ ရာသီဥတုက ပူတဲ့ဘက် ပိုရောက်တယ်လို့ ပြောရမယ်။ မိုးတွင်း မှာလည်း မိုးကောင်းမယ့် သဘောရှိပါတယ်။ ကျွန်တော်တို့ သွားလည်တဲ့ဘက်တွေဆို မိုးတွင်း ကားသွားရခက်တဲ့လမ်းတွေ ဖြစ်နေတာမို့ အတော်တော့ သတိထား မောင်းနှင်ရပါလိမ့်မယ်။ ချော်နိုင်ပါတယ်။

ကယားပြည်နယ်ရဲ့ မျိုးချစ်ခေါင်းဆောင် စောလဖော်

ဘော်လခဲအကြောင်း ပြောရရင် စောလဖော် အကြောင်းလည်း ထည့်တော့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ ဘော်လခဲမှာ လည်ပတ်ခဲ့တဲ့ နေရာတွေဟာ စောလဖော်နဲ့ ဆက်စပ်နေတာတွေ ရှိနေလို့ပါ။ မြန်မာနိုင်ငံကို ဗြိတိသျှတွေသိမ်းတဲ့အချိန်မှာ ကယားအမျိုးသား စော်ဘွားကြီး စောလဖော် လည်း နယ်ချဲ့ဆန့်ကျင်တော်လှန်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။ သူ့ဌာနချုပ်က စောလုံမြို့ မှာပါ။ ၁၈၈၈ ခုနှစ်မှာတော့ အင်္ဂလိပ်စစ်တပ်ရဲ့ အင်အားကြီးကို မယှဉ်သာတော့တဲ့အတွက် စောလုံဌာနချုပ်ကို အသိမ်းခံလိုက်ရပါတယ်။ စော်ဘွားကြီး စောလဖော်ဟာ နယ်ချဲ့လက်အောက် မနေလိုလို့ စောလုံရွာသစ်ကို စောလုံအရှေ့ဘက်မှာ ထပ်တည်ပြီး နေခဲ့ပါတယ်။ အခုတော့ စောလုံရွာသစ်ဟာ ရွာသစ်မြို့အဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။

ဘော်လခဲဝန်းကျင် လည်ပတ်မယ် 

သဘာဝဝန်းကျင်ရဲ့ လှပမှုရယ်၊ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေ ရယ်ကြောင့် ဒီခရီးစဉ်က ပိုပြီးစိတ်ဝင်စားစရာဖြစ်စေပါတယ်။ အပျော်ကြိုက်တဲ့ လူငယ်တွေ အတွက်ကတော့ ရေချောင်းနဲ့ ရေတံခွန်တွေမှာ ရေဆော့ရင်းအပန်းဖြေနိုင်သေးတယ်။ ဓာတ်ပုံသမားတွေအတွက်လည်း သဘာဝကျတဲ့ ရွာဓလေ့နေထိုင်မှုပုံစံတွေနဲ့ သဘာဝ အလှတွေကို ရိုက်ယူနိုင်ဦးမယ်။ ကဲ ဘယ်တွေ လည်ကြမလဲ...

 

95478

စောလုံရွာ

ကျွန်တော် သွားတုန်းကတော့ အရင်ဆုံး စောလုံရွာဆီ သွားပါတယ်။ စောလုံရွာဆိုတာ မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်အစောပိုင်းက စည်ပင်ခဲ့တဲ့ မြို့လို့ သိရပါတယ်။ ဘော်လခဲကနေ ရွာသစ်နဲ့ စောလုံဆီ လမ်းခွဲလေးက တစ်ဆင့် သွားရတာပါ။ စောလုံရွာလမ်းက ကားလမ်းတစ်လမ်းစာလေးပဲ ရှိပါတယ်။ နှစ်စီးရှောင်ဖို့ အတော်ခက်တဲ့ လမ်းလို့ ပြောရမယ်။ မြေသားလမ်းလေးဖြစ်ပြီး ကျောက်လုံးလေးတွေလည်း ရှိတတ်လို့ ကားမောင်းမကျွမ်းကျင်ရင်၊ နယ်မြေမကျွမ်းကျင်ရင် လမ်းချော်နိုင်ပါတယ်။ သတိထားမောင်းနှင်ဖို့ လိုအပ်ပါတယ်။ လမ်းကလည်း အတက်အဆင်းကြမ်းတဲ့ နေရာလေးတွေ ရှိပါတယ်။ လမ်းကတော့ အတော်လေး သာယာလှပပါတယ်။ လမ်းတစ်လျှောက် တစ်ဖက်က ဘောင်တွေ၊ တစ်ဖက်က ချောင်းလေးနဲ့ စိတ်ကြည်နူးစွာ ခရီးသွားရတယ်လို့ ဆိုနိုင်ပါတယ်။ စောလုံရွာ ဆီကို ဘော်လခဲကနေ နာရီဝက်လောက် ကားမောင်းနှင်ရပါတယ်။ စောလုံရွာလေးရဲ့ ရွာထိပ်မှာတော့ စာသင်ကျောင်းလေးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ လူခြေတိတ်တဲ့ ရွာလေးတစ်ရွာပါ။ ရွာအဝင်အကျော်က သစ်ပင်လေးမှာ ရွာရဲ့မြေပုံ ချိတ်ထားပေးလို့ လည်ပတ်ရမယ့် လမ်းကြောင်းကို သိနိုင်ပါတယ်။ ဆရာတော်ကြီးအပါအဝင် ရွာသားတချို့ကတော့ မြန်မာစကားကောင်းကောင်း မပြောပြ နိုင်တာမျိုးလည်း ကြုံရပါတယ်။ လောလော ဆယ်တော့ အိမ်ခြေ ၂၀ ခန့်လောက်ပဲ တွေ့မိသလိုပဲ။ ကြားရသလောက် ဖျက်ဆီး ခံလိုက်ရတယ်လို့ သိရတယ်။ အရင်ကဟော်နန်းဆောင်တွေ မီးရှို့ခံခဲ့ရတယ်ဆိုပါတယ်။ စောလုံကို ကယားပြည်နယ်ရဲ့ ပုဂံလို့ တင်စားခဲ့ကြပါတယ်။

စောလုံရွာနားက စစ်စခန်းဟောင်း

ရွာကနေ လမ်းခွဲသေးလေးကနေဖြစ်ဖြစ်၊ ရွာရှောင်လမ်းကနေဖြစ်ဖြစ် စစ်စခန်းဟောင်းကို လေ့လာဖို့ သွားရောက်နိုင်ပါတယ်။ ကျွန်တော်တော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီ အနီးဝန်းကျင်မှာ မိုင်းကွဲပြီး စက်နဲ့လူထိခဲ့ ဖူးတဲ့နေရာကိုလည်း ရွာမြေပုံမှာ ကြယ်ပွင့်ပြ ဖော်ပြပေးထားပါတယ်။

စာလုံရွာ ရေထွက် 

စောလုံရွာကနေ အရှေ့ဘက်ကို ဆက်ထွက်ရင် ကျွန်တော်တို့ အလာတုန်းက လမ်းတစ်လျှောက် မြင်ခဲ့ရတဲ့ ချောင်းကြီးထဲစီးဝင်မယ့် ချောင်းလေးတစ်ခုရဲ့ ရေထွက်နေရာကို ရောက်ပါတယ်။ ။

စောလုံရွာက စော်ဘွားကြီးစောလဖော် မိသားစုဝင်တွေရဲ့ ဂူဗိမာန်စေတီများ 

ဒီစောလုံမှာ လေ့လာစရာ ဖြစ်စေတာတော့ သူရဲကောင်း စောလဖော် မိသားစုဝင်တွေရဲ့ ဂူဗိမာန်စေတီတွေပါပဲ။ ရှေးဟောင်း စေတီပုံစံမျိုး ရုတ်တရက် ထင်စရာရှိပါတယ်။ တကယ်တော့ အုတ်ဂူတွေပါ။ ရွာအဝင်ထိပ် လူသွားလမ်းအရာလေးက သွားကြရပါတယ်။

နယ်ခံလူတွေကို မေးရင် အဲဒီနေရာကို မသိတာ များပါတယ်။ ရွာမြေပုံထဲမှာတော့ မုတ်လို့ ရေးထားတာ မြင်ကြရပါတယ်။ မုတ်လို့ မေးရင်တော့ သူတို့ သိနိုင်ပါတယ်။ ဂူတွေက ထိန်းသိမ်းမှု ကင်းမဲ့နေပြီး အောက်ခံထားရ၊ အဖြိုခံထားရတာတွေ အကုန်နီးပါးပါပဲ။ ဌာပနာတွေ ရှိမယ်အထင်နဲ့ ဖောက်ကြပုံရပါတယ်။ အခုတော့ အပြိုအပျက်တွေကြားမှာ ဝမ်းနည်းစရာလေး ဖြစ်နေတော့တာပါပဲ။ အဲဒီရောက်တဲ့အချိန် စိတ်ထဲဆွေးသလိုလို ဝမ်းနည်းသလိုလို ခံစားခဲ့ရတယ်။ ညနေခင်းပိုင်း ရောက်တာဆိုတော့ ခံစားမှုကပိုတာလည်းဖြစ်နိုင်ပါတယ်။

ရေပြာချောင်းလေးမှာ ရေဆော့မယ် 

ရေချောင်းလေးက ကျွန်တော်သွားတဲ့ ဖေဖော်ဝါရီလထဲတော့ ကြည်လင်ပြာလဲ့နေတာပဲ။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အဲဒီ ချောင်းလေးဟာ နမ့်ပွန်ချောင်း ဖြစ်ပါလိမ့်မယ်။ ရေတံခွန်လို ဖြစ်နေတဲ့ နေရာလေး တွေလည်းရှိသလို ရေတည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေတဲ့ နေရာတွေလည်း ရှိပါတယ်။ ရနက်တဲ့နေရာတွေလည်းရှိတော့ ထင်သလိုတော့ ရေဆော့လို့ မဖြစ်ပါဘူး။ ဒေသခံတွေ ရေချိုး အဝတ်လျှော်တဲ့နေရာတွေ အနီးမှာတော့ ပိုပြီးစိတ်ချရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)