ခရီးသွားပြည်သူများအဆင်ပြေစေရေး ဆိပ်မတံတားအား နှစ်ပတ်အတွင်း အပြီးတည်ဆောက်မည်

အမာ ၁၁ နိုဝင်ဘာ

 

အမာမြို့ဆိပ်မကျေးရွာသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ လမ်းဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်၊ တံတားအထူးအဖွဲ့(၁၆)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်အောင်၊ ခရိုင်လမ်းဦးစီးဌာန၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် နံနက်(၈)နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ချောင်းအတွင်း ပြိုကျသွားသော ဆိပ်မတံတားအား ကြည့်ရှူ၍ ပြည်သူများနှင့်တွေ့ဆုံရာတွင် အခက်အခဲဖြစ်ပေါ်နေသော ပြည်သူများ အဆင်ပြေစေရေးအတွက် တံတားဖျက်သိမ်းခြင်းနှင့် အသစ်ပြန်လည်တည်ဆောက်ခြင်းကို (၁၄)ရက် အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်သစ်သစ်အောင် က ပြောခဲ့သည်။

 

နိုင်ငံတော်မှ ပြည်သူများ အဆင်ပြေစေရေးအတွက် အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးနိုင်ရန် ညွှန်ကြားလာခဲ့ရာ ဌာနမှလည်း နှစ်ပတ်အတွင်း အပြီးဆောက်လုပ်ရန် ညွှန်ကြားချက်အရ စက်ယန္တရားများဖြင့် နေ့ည မနားဘဲ(၁၄)ရက်အတွင်း အပြီးဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အလုပ်လုပ်နေချိန်အတွင်း ပြည်သူများမှ လည်း ဝိုင်းကူညီပေးစေလိုကြောင်း၊ တံတားအား ယခင်အတိုင်းအတာအတိုင်း သံဘောင်ဘေလီ တံတားပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း ဆောက်လုပ်သော်လည်း ယခင်ကထက် ပိုမိုခိုင်ခံ့စေရန် စီမံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်သစ်သစ်အောင်က ဆက်ပြောသည်။

 

တိုင်းလမ်းဦးစီးညွှန်ကြားရေးမှူးကလည်း မိတ်ဆက်စကားပြောကြားကာ တိုင်းဒေသကြီးရုံးမှ တံတားအမြန်ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ စက်ယန္တယားများဖြင့်ပြုလုပ်နိုင်မှ ရက်တိုအတွင်း အပြီးဆောက်လုပ်နိုင်မှာဖြစ်သည့်အတွက် တိုင်းအတွင်းမှ ဖျာပုံနှင့်အနီးဆုံး စက်ယန္တရားများကို စုစည်းနေကြောင်း၊ ပစ္စည်းများသယ်ယူခြင်း၊ တံတားအား အမြန်ဆုံးဖျက်ခြင်းများကို စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ပြောသည်။

 

ဝင်းမြင့်အောင်(ပြန်ဆက်)