ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး

mdn

သတင်းဆောင်းပါး - စည်သူကျော်

 

နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကြီး ( United Nations World Tourism Organization UNWTO) က ချမှတ်ပေးသော ဆောင်ပုဒ်များနှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားများကို အဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပလေ့ရှိကြသည်။

 

မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်သည့် ၂၀၁၃ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပ ခဲ့သည်။ ၂၀၁၉ ခုနှစ်ကလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကအမှာစကားပြောကြားခဲ့သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အတွက် စီးပွားရေး မောင်းနှင်အားတစ်ရပ်၊ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝ အရင်း အမြစ်များကို ထိန်းသိမ်းရာလမ်းကြောင်းတစ်ခု၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာတို့ ဖန်းတီးပေးရာကဏ္ဍကြီး ဖြစ်သည်ကို အားပေးထောက်ပံ့ချီးမြှောက်ခြင်းဖြစ်သည်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို အများ ပြည်သူအတွင်း ကျယ်ကျယ်ပြန့်ပြန့် အကျွမ်းတဝင် သိရှိလာစေရန်အတွက် ရည်ရွယ်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ဦးစီးဦးဆောင်ပြု ကျင်းပရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကြီးက ချမှတ်ပေးသော ဆောင်ပုဒ်များဖြင့် အခြေခံပညာအလယ်တန်း၊ အထက် တန်းနှင့် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပေးခြင်း၊ ရန်ကုန်နှင့် မန္တလေးရှိ ခရီးသွားလုပ်ငန်း ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများကို ဖိတ်ခေါ်၍ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ဆုရမောင်မယ်များကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်း အနားသို့ ဖိတ်ကြား၍ ဒုတိယသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက ဆုချီးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။

 

အလားတူ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ရေမြေတော တောင်သဘာဝအလှအပများကို ဖော်ထုတ်မြှင့်တင်သည့် အနေဖြင့် ဓာတ်ပုံပြိုင်ပွဲများ ကျင်းပခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ နယ်ပယ်အတွင်းမှ လုပ်ငန်းရှင်များကို ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်ဆုများ ရွေးချယ် ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။နေပြည်တော် တွင် သာမက ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုံးခွဲများ၏ အစီအမံဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ပါဝင် လုပ်ကိုင်နေကြသူများဖြင့် တစ်နိုင်တစ်ပိုင် ကျင်းပကြ သည်။

 

ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး

 

ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့သည် နီးကပ်လာချေပြီ။ယမန်နှစ်ကကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်း အမှတ်အခမ်းအနား လှဲချီးကျင်းပခဲ့ပုံများသည် ခရီးသွားလုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အာရုံတွင် ရိုက်ခတ်  နေမည်ဖြစ်သည်။ စေ့ဆော်မှုသည် တွန်းအားသဖွယ် ဖြစ်နေမည်ဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကြီး က ၂၀၂၀ ပြည့်နှစ် အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်ဆောင်ပုဒ်ကား “ Tourism and Rural Development” ဖြစ်သည်။ မြန်မာလိုဆိုရသော် ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဟူလို။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ၂၀၂၀ ပြည့်နှစ်ကိုလည်းခရီးသွားလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်  အဖြစ် သတ်မှတ်သည်။ ခရီးသွားလုပ်ငန်းသည် မြို့ကြီး ပြကြီးများသာမက ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သော ကျေးလက်တောရွာ ဝေးလံခေါင်သီသော ဒေသများကိုပါ အကျိုးရှိစေရမည်ဟူသော ရည်ရွယ်ချက်ဖြစ်သည်။ ယင်းဒေသများရှိယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို ခရီးသွားလုပ်ငန်းဖြင့် ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ် သည်။ ခရီးသွားလုပ်ငန်းသည် လူအများပါဝင်ပတ်သက်လုပ်ကိုင်ရသော ဝန်ဆောင်မှုကို အခြေခံသည့် လုပ်ငန်းကဏ္ဍတစ်ရပ် ဖြစ်သည်။

 

ထို့ကြောင့် ခရီးစဉ်ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်လာပါက ယင်းဒေသရှိ ဒေသခံပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေကို တိုးတက်စေသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသောဒေသခံအမျိုးသမီးများနှင့် လူငယ်များအတွက် သင့်တင့်သောအလုပ် အကိုင်အခွင့် အလမ်းကို ရရှိစေသည်။ ထို့အပြင် မိမိဒေသရှိ ထူးခြားသော ရေမြေတောတောင် သဘာဝများကို ကမ္ဘာက သိရှိစေနိုင်ပြီး ခရီးသွားလုပ်ငန်းမှ တစ်ဆင့် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် အသိ ပညာဗဟုသုတကို တိုးပွားရရှိစေပါသည်။

 

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း

 

မြန်မာနိုင်ငံတွင်လည်း ကျေးလက်နေပြည်သူများ ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်း များရရှိပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့ရေမြေတောတောင်သဘာဝနှင့် ဓလေ့စရိုက်များကို ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုသိရှိနားလည်စေရန် အတွက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ရာ လက်ရှိတွင် ပြည်နယ် ငါးခုနှင့် တိုင်းဒေသကြီးငါးခုတို့ရှိ ကျေးရွာ ၄၁ ရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသများတွင် နေထိုင်သူ ဦးရေသည် မြို့ပြနေထိုင်သူဦးရေထက် ပိုမိုများပြားသည်ကို အများသိရှိပြီးဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြ သည်။ သို့ဖြစ်ရာ ယင်းတို့၏ စီးပွားရေးနှင့် လူနေမှုစနစ်ကို မြှင့်တင်ပေးခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှု အဆင့်အတန်းကို မြှင့်တင်ခြင်းပင်ဖြစ်သည်။ ယင်းသို့ နိုင်ငံတော်ကကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝ မြှင့်တင်ပေးနေချိန်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့  အထိမ်းအမှတ်ဆောင်ပုဒ်သည်လည်း ကျေးလက်နေ ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ခရီးသွားလုပ်ငန်းဖြင့် မြှင့်တင်ရန်နှိုးဆော်သည်ဖြစ်ရာ တိုင်း၍ရက်သော ပက္ကလာသည် မိုးရွာသည်နှင့် အခန့်သင့်ဆိုသလိုပင် ဖြစ်တော့သည်။

 

ယင်းအခွင့်အလမ်းကောင်းကို ရယူ၍ ကျေးလက် နေပြည်သူများ၏ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝ အပေါ် အသိအမြင်ကျယ်ပြန့်တိုးပွားလာရေးကို မြှင့်တင် ဆောင်ရွက်သင့်လှသည်။ သို့သော် ကိုဗစ်- ၁၉ ရောဂါ ကြောင့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားကို ယခင်နှစ်များကကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း ကိုဗစ်- ၁၉ ရောဂါ၏ အကျိုးဆက်အဖြစ် ဆိုးဆိုးရွားရွာ အထိနာလျက်ရှိသည်။

 

ကိုဗစ်နှင့် ယှဉ်တွဲ၍ ဖော်ဆောင်မှု

 

ဖြေလျှော့မှုများပြုလုပ်၍ ပြည်တွင်းခရီးသွား လုပ်ငန်းများဖြင့် ပြန်လည်အစပျိုးရန် ကြိုးစားဆဲပင်။ ခရီးသွားလုပ်ငန်းလောကသားများ၏ဝိုင်းဝန်းကြိုးပမ်းမှုနှင့်ကြံ့ကြံ့ခံ ဆောင်ရွက်မှုတို့ကြောင့် လိုဏ်ခေါင်း၏ တစ်ဖက်တွင် အလင်းရောင်ကို သဲ့သဲ့မျှမြင်ရချေ၏။ လောကသားများကား မိမိတို့သံယောဇဉ်အမြစ်တွယ်ရာ ဖြစ်သော ငယ်ချစ်ခရီးသွားလုပ်ငန်းကို မစွန့်လွှတ်နိုင်ချေ တကား။ မည်သို့မည်ပုံ ပြန်လည်ဖွံ့ဖြိုးအောင် ဆောင်ရွက် ကြမည်ကို ဝိုင်းဝန်းကြံဆ ဆောင်ရွက်လျက်ရှိကြပေသည်။ ကိုဗစ်နှင့် ယှဉ်တွဲ၍ မည်သို့ပုံဖော်ကြမည် ကိုလည်း စဉ်းစားကြသည်။ မကြာမြင့်မီကာလက ထွက်ပေါ်ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေးအတွက် ဦးစားပေး လုပ်ငန်းစဉ်များအဆိုပြု စာလွှာ (White Paper) ကား သက်သေပင်။

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အခြေခံကျသော အရင်းအမြစ်များတွင် နိုင်ငံတစ်နံတစ်လျား၌ နေထိုင်ကြသည့် သေခံတိုင်းရင်းသားများ၏ မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ၎င်းတို့ နေထိုင် ရာဒေသများ၊ နွေးထွေးလှိုက်လှဲ၍ ဟန်ဆောင်မှုကင်းသော အပြုံးနှင့် ဧည့်ဝတ်ပျူငှာမှုများ အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ဦးစားပေးဆောင် ရွက်ရင်း ၎င်းတို့၏ ရေမြေတောတောင်သဘာဝများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ကြပါစို့ဟု ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။