ခင်ဦးမြို့နယ်၌ ရထားသံလမ်းပေါ် ထန်းပင်လုံးနှင့် ကျောက်တုံးများ ပိတ်ဆို့ချထားသူကို ဖမ်းဆီးရမိ

ခင်ဦး ၂၁ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်၌ ရထားသံလမ်းပေါ်ထန်းပင်လုံးနှင့်ကျောက်တုံးများ ပိတ်ဆို့ချထားသူကို ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်တင့်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၇ နာရီခန့်က စက်ခေါင်းမောင်း ဦးရဲမြင့်အောင် မောင်းနှင်လာသော မြစ်ကြီးနား- မန္တလေးအမှတ် (၄၂) အစုန် အမြန်ရထားသည် မဒေါင်းလှ ဘူတာနှင့် ခင်ဦးဘူတာအကြား မိုင်တိုင်အမှတ်၄၅၈/၂၄ သံလမ်းကြား တွင် ၁၂ လက်မခန့်ရှိ ကျောက်တုံးတစ်တုံးကိုလည်းကောင်း၊ မိုင်တိုင်အမှတ် ၄၅၉/၂ နှင့် ၄၅၉/၃ အကြား အရောက် ရထားသံလမ်းပေါ်တွင် အရှည် လေးပေ၊ လုံးပတ် နှစ်ပေခွဲရှိထန်းလုံးတစ်လုံး၊ အရှည် ရှစ်ပေ။ လုံးပတ် နှစ်ပေခွဲရှိ ထန်းလုံး တစ်လုံး တို့ကို ထန်းရွက် သုံးရွက်စီအုပ်၍ ပိတ်ဆို့ချထားသည်ကို ရထား စက်ခေါင်းမောင်းက အချိန်မီ တွေ့ရှိပြီး ရထားကို ရပ်တန့်နိုင်ခဲ့ သဖြင့် ရထားတိမ်းမှောက်မှု အန္တရာယ်မှ ကင်းလွတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါအမှုအား ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်မောင် ဦးစီး၍ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်တင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခင်ဦးဘူတာရုံပိုင်ကြီး ဦးစောသိန်းဝင်းနှင့် ခင်ဦးမြို့ မြန်မာ့မီးရထား ဝန်ထမ်းများပူးပေါင်း ၍စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန် သူမှာ ခင်ဦးမြို့ မြကန်သာအရှေ့ပိုင်း ရပ်ကွက်နေသူ မီးရထားသံလမ်း လုပ်သား သန်းထွေး (၂၂ နှစ်) ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအား ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ သန်းထွေး(၂၂နှစ်) ကို ခင်ဦးမြို့မရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)