ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များတွင် အမှိုက်ပုံးများအသုံးပြုရေး စီစဉ်လျက်ရ

မုံရွာ ၂၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ခန္တီးမြို့အထိ ပြေးဆွဲလျက်ရှိသော လူစီးအမြန် ရေယာဉ်တိုင်းတွင် အမှိုက်ပုံးများ တပ်ဆင်အသုံးပြုရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်း ပို့ဆောင်ရေး òန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်း၏ ပြောကြားချက်အရ သိရသည်။

 

လူစီးအမြန်ရေယာဉ်များ လမ်းခရီးတစ်လျှောက် ခရီးသည်များအသုံးပြုသည့် အမှိုက်များ ချင်းတွင်းမြစ်အတွင်းသို့ တိုက်ရိုက်စွန့်ပစ်မှုမရှိစေဘဲ အမှိုက်ပုံးတွင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ချင်းတွင်းမြစ်ကြီး ရေရှည်တည်တံ့ပြီး ရေထုညစ်ညမ်းမှုနှင့် ချင်းတွင်းမြစ်ကြီး၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း တပ်ဆင်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

 

“ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ ကုန်တင်ရေယာဉ်တွေ၊ လူစီးအမြန် ရေယာဉ်တွေ၊ ပက်လက်တွဲတွေ အမှိုက်စွန့်ပစ်မှုအနေနဲ့ ရေယာဉ်တိုင်းမှာတော့ အမှိုက်ပုံးတွေ တင်ခိုင်းထားတယ်။ အထူးသဖြင့် လူစီးအမြန်ရေယာဉ်တွေမှာပါ။ မြစ်အတွင်းကို အမှိုက်တွေ မစွန့်ပစ်အောင်လို့ ဌာနအနေနဲ့ကလည်း အမြန် ရေယာဉ်အသင်းတွေနဲ့ ခေါ်ယူညှိနှိုင်း ပြီးတော့ အမှိုက်ပုံးတွေကို သတ်မှတ်ဈေးနှုန်းအတိုင်းဝယ်ယူပြီး တင်ပေးမယ်၊ ရေယာဉ်တွေပေါ်က စွန့်ပစ်အမှိုက်တွေက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့တွေက ဆိပ်ကမ်းတွေ ရောက်ရင် စည်ပင်သာယာရေးအဖွဲ့တွေရဲ့ အမှိုက်ပုံးကြီးတွေရှိတယ်။ အဲဒီမှာစွန့်ပစ်ဖို့ ရေယာဉ် ဝန်ထမ်းတွေကို အသိပညာပေးထားသလို အမှိုက်ကိုရေထဲ တိုက်ရိုက်မစွန့်ပစ်ဘဲ သတ်မှတ်အမှိုက်ပုံးထဲမှာ စွန့်ပစ်ရေး ခရီးစဉ်မထွက်ခင် ရေယာဉ်စစ်ဆေးမှုတွေ လုပ်တဲ့အချိန်မှာ ခရီးသည်တွေကို အသိပညာပေးတာတွေ လုပ်နေတယ်။ အမြန်ရေယာဉ်တစ်စင်းကို အမှိုက်ပုံး အကြီးတစ်ပုံးတင်ပေးဖို့ အခုလောလော ဆယ်အနေနဲ့ စီစဉ်နေတယ်။ နောက်ပိုင်းမှာတော့ ရေယာဉ်ရှေ့ပိုင်းမှာ တစ်ပုံးနဲ့ နောက်ပိုင်းမှာ တစ်ပုံးတင်ပေးနိုင်အောင်စီစဉ်မှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သန်းက ပြောသည်။

 

ပြည်တွင်းရေကြောင်းသွားရေယာဉ် ဥပဒေပုဒ်မ(၃၄)တွင် ရေထုပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေရန် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းကိုဖြစ်စေ၊ ရေနံ သို့မဟုတ် ရေနံရောထားသောပစ္စည်းကို ဖြစ်စေ၊ အခြားအရာဝတ္ထုကိုဖြစ်စေ ပြည်တွင်းရေကြောင်းအတွင်းသို့ စွန့်ပစ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပြီး ထိုသို့ ဖောက်ဖျက် ကျူးလွန်ပါက အပိုဒ်(၄၄)တွင် ပုဒ်မ(၃၄)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံးကျပ်ငါးသိန်းမှ ၂၅ သိန်းအထိဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိကြောင်း လေ့လာသိရှိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)