ချင်းတိုင်းရင်းသားတို့ မြတ်နိုးအားထားရသော ဘွေနူးမြစ်

မင်းလပြည့်(ဟားခါး)

 

ဘွေနူးမြစ်ကို ချင်းတိုင်းရင်းသားများ သိကြသည်။ ကြားဖူးကြသည်။ ဘွေနူးမြစ်ကား ချင်းတိုင်းရင်းသားတို့အား အကျိုးပြုသောမြစ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးသော မြစ်တစ်စင်းဖြစ်သည်။ ဘွေနူးဆိုသည်မှာ ဟားခါးဒေသ စကားအရ “သခင်မ” ဟု ဆိုလိုသည်။ ဇိန်မှုတောင်ခြေရင်း တွင် လိုင်တီလီကန် ရှိပါသည်။ ဤကန်ဘေးတွင် ရှေးအခါက ရှောက်၊ လိမ္မော်၊ ကြံပင် သဘာဝသစ်ပင်များ ပေါက်ရောက်သည်။ ယခုမူကား မရှိတော့၊ သေဆုံးကုန်ပြီ ဖြစ်သည်။ တောပန်းတောင်ပန်း သဘာဝပန်းမျိုးစုံ ပေါက်ရောက်သည်။

 

တောင်ကုန်းတောင်တန်း ထူထပ်သော ချင်းပြည်နယ်အတွက် အဖိုးတန်ရတနာတစ်ပါး၊ မြတ်နိုးအားထားရသည့် နှလုံးသားတစ်ခုဆိုလျှင် မမှားပေ။ လိုင်တီလီမှအစပြုကာ တောင်ဘက်သို့ စီးဆင်းသွားသည်။ လိုင်တီလီတွင် လိုင်ဆိုသည်မှာ ချင်း၊ တီလီဆိုသည်မှာ ကန်ဟု အဓိပ္ပာယ်ရသည်။ လိုင်တီလီကား တောမြိုင်ကြီးထဲ စီးဆင်းသည်။ ထန်တလန် ကားလမ်းနံဘေးတွင် တီမြစ်ဟု ခေါ်ဆိုကြ သည်။ သီတာချောင်းရေနှင့် ပူးပေါင်းသည်။ သီတာရေသည် အနောက်ဘက်မှ စီးဝင်သည်။ စာရေးဆရာကြီး သိန်းဖေမြင့်က ဝိသေသတိုင်း သမိုင်းအစ စာအုပ်တွင် ရေးသားခဲ့ပါသည်။ တီမစ်ချိုင့်ဝှမ်းကို လယ်ယာအဖြစ် ထွန်ယက်ကြသည်။ ငါးကန်ပြုလုပ်လျက် ငါးမွေးကြသည်။ ရေချိုငါးထုတ်ယူကြသည်။

 

လိုင်တီလီမှအစပြုပြီး ဆင်းသောရေကား တောင်ဘက်သို့ စီးဆင်းသွားရာမှ ဘွန်လုံးရွာ အလွန်နေရာမှ “ဘွေနူးမြစ်”ဟု ခေါ်တွင်ကြသည်။ ဘွေပါးတောင်ကြော ကွေ့ကာပတ်ဝှေ့ စီးဆင်းသွားသည်။ ကမ်းပါးတွင် လယ်ယာမြေ လှေကားထစ် ဖော်ကြသည်။ ဆူရ်ခွား၊ ဖိုင်ယောင်၊ ဖိုင်ဖာရွာသားတို့၏ လယ်ယာများ ဖော်ထုတ်ကြသည်။ ဟားခါးမြို့နယ်ဖိုင်ယောင်ရွာမှ ရိုးရာခွာရ်ကျွဲပွဲ စတင်ပေါ်လာသည်ဟု ဆိုကြသည်။ ဤဘွေနူးချောင်းကို အခြေခံလျက် ဟားခါးနှင့် မတူပီမြို့နယ်၊ မတူပီနှင့် ထန်တလန်မြို့နယ် နယ်နိမိတ်အဖြစ် သတ်မှတ်ထားကြသည်။ လုံခင်းရွာနား၊ ဘေနူး ကမ်းပါးတွင် လုံခင်းကျောက်ဂူ (ကျောက်ချွန်) ကိုလည်း တွေ့ရသည်။ တစ်ချိန်က နတ်တို့ စံမြန်းရာ နတ်တို့ဗုံမောင်း တီးထုသံကိုလည်း ကြားရသည်။

 

ဘွေချောင်းသည် ဆင်ထန်မျိုးနွယ်စု၊ ဇိုတုန်မျိုးနွယ်စုနှင့် လောက်တူမျိုးနွယ်စုတို့ နေထိုင်ရာဒေသမှ အနောက်ဘက်သို့ စီးဝင်သွားသည်။ ထန်တလန်နှင့် မတူပီနယ်စပ် နှာရိန်၊ လေကန်း၊ ဆာတဲရွာသားတို့၏ မြေလယ်ယာကိုလည်း မြင်တွေ့ရသည်။ ဘေလီတံတားကြီးကိုလည်း အခိုင်အမာ တည်ဆောက်ထားသည်။

 

ဘွေနူးမြစ်သည် အရှေ့ဘက်မှ အနောက် ဘက်ဆီသို့ ဖြတ်သန်းစီးဆင်းသည်။ ဇိုဖေ၊ မရာ မျိုးနွယ်စုများ နေထိုင်ရာ နယ်ပယ်ကို ဖြတ်ဝင်သည်။ အဆိုပါနေရာတစ်ဝိုက်တွင် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။

 

ဘွေနူးမြစ်သည် ချင်းပြည်နယ်ကို ဖြတ်ကျော်ကာ လူရှေ့တောင်တန်း၊ မီဇိုရမ် ပြည်နယ်ထဲ စီးဆင်းသည်။ သွေးချင်းမီဇိုတို့က ချိမ်တွီပွီးဟု ခေါ်ဆိုကြသည်။ မီဇိုရမ်ပြည်နယ်အတွင်း မြောက်မှတောင်ဘက်သို့ စီးဝင်သည်။

 

တိုးတော၊ ကျွန်းတောကို ဖြတ်သန်းသည်။ ကောလ်စောနှင့် လောင်တလိုင်းအကြား ကားလမ်းမကြီးပေါ်တွင် ဘေလီတံတားကြီး အခိုင်အမာ ဆောက်လုပ်ထားသည်။

 

ထိုနေရာတစ်ဝိုက် မြောက်ဘက်မှ တောင်ဘက်ဆီသို့ ဦးတည်ကာကွေ့ဝိုက်စီးဆင်း သွားသည်။ အပူပိုင်းဒေသ ဝါးတောကို ဖြတ်သန်းပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် သွေးချင်းခမီတို့ ဒေသထဲ စီးဆင်းသွားသည်။ ကမ်းစပ်ကမ်းပါးတွင် ကျေးရွာများ တည်ထောင်ကာ နေထိုင်အခြေချကြသည်။ သွေးချင်းခမီတို့၏ ရေကြောင်း ဆက်သွယ်ရေးတွင် အဓိကအရေးပါသည်။ ဖောင်လှေနာဝါများ ပြေးဆွဲနိုင်ပြီ ဖြစ်သည်။ ခမီးဒေသ (ပလက်ဝမြို့နယ်) တွင် ကုလားတန်မြစ်ဟု ခေါ်ဝေါ်ကြသည်။ ကုလားတန်မြစ် အနောက်ဘက်လမ်းတွင် ပလက်ဝမြို့ တည်ထားသည်။ ကုလားတန်မြစ်ကူးတံတား ကြီးလည်း တည်ဆောက်ထားပြီ ဖြစ်သည်။

 

ကမ်းစပ်နုန်းတင် မြေနုများပေါ်တွင် ဆေး၊ ငရုတ်၊ ဘူးဖရုံနှင့်တကွေ သီးပင် စားဖွယ် အသီးအနှံများ အစီအရီစိုက်ထားကြသည်။ လယ်မြေများ ထွန်ယက်လုပ်ကိုင်နေကြသည်။

 

ကုလားတန်မြစ်သည် တောင်ဘက်ဆီသို့ ဦးတည်စီးဆင်းသွားသည်။ မီးချောင်းနှင့်  ပူးပေါင်းသည်။ ရခိုင်ပြည်နယ်ထဲရောက်ရှိကာ ကစ္ဆပနဒီဟု ခေါ်တွင်သည်။ ကျောက်တော်မြို့အနီးတွင် ကစ္ဆပနဒီ တံတားကြီး ဆောက်လုပ်ထားသည်။ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင် သွားလေသည်။

 

ဘွေနူးမြစ်သည် ချင်းပြည်နယ်တွင်  အရှည်ဆုံးသော မြစ်ကြောစုဒီ ဖြစ်သည်။ စီးဆင်းပုံမှာ တစ်မျိုးထူးဆန်းသည်။  မြောက်ဘက်မှ တောင်ဘက်ဆီသို့၊ ထိုမှ တစ်ဆင့် အရှေ့ဘက်မှ အနောက်ဘက်ဆီသို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ၊ ထိုမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ၊ ရခိုင်ပြည်နယ်ထဲ စီးဆင်းကာ နာမည်လည်း ဘွေနူး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ချိမ်တွွီပွီး၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတွင် ကုလားတန်မြစ်နှင့် ရခိုင်ပြည်နယ်တွင် ကစ္ဆပနဒီစသဖြင့် ခေါ်ဝေါ် ကြသည်။ ချင်းလူမျိုးများ၏ ရေချိုသားငါး ထုတ်ယူရာမြစ်ချောင်း ဖြစ်သည်။ ချောင်းကူး တံတားကြီးငယ် အသွယ်သွယ် တည်ဆောက်ထားသည့်မြစ်ချောင်း ဖြစ်သည်။ ပလက်ဝနယ်တွင် အဓိကရေကြောင်း ဆက်သွယ်ရေးအဖြစ်  အသုံးပြုသည်။ စစ်တွေ၊ ကျောက်တော်မှ ပလက်ဝအထိ မိုးရာသီတွင် သင်္ဘောများ စုန်လာဆန်ချီ ပြေးဆွဲနေသည်။

 

ဘွေနူးမြစ်နှင့်ပတ်သက်၍ ဇိုတုန်  လူမျိုးနွယ်စု ဘိုးဘွားများပြောသော ပါးစပ်ရာဇဝင်များ ရှိသည်။ ဘွေနူးချောင်းနှင့် ရေဇာမြို့အနီးရှိ ဝယ်ဖူးချောင်းတို့မှ မြေနေရာကောင်း စီးဆင်းရန် ပြိုင်ကြသည်။ ဝယ်ဖူးဆိုသည်မှာ “ဝယ်=ဗိုက်၊ ဖူး=ထမ်းသည် ”ဟု အနက် အဓိပ္ပာယ်ရသည်။ ဘွေနူးက နံနက် စောစော နေရာကောင်း ဦးသွားသဖြင့် ဘွေနူးက နေရာကျယ်ပြန့်သော လယ်ကွင်းများအနီး စီးဆင်းရန်၊ ဝယ်ဖူးချောင်းမှာ နောက်ကျသဖြင့် ခက်ခဲသော တောင်ကြိုတောင်ကြားများမှ စီးဆင်းရန်၊ ဝယ်ဖူးချောင်းမှ ဘွေနူးမြစ်နှင့် ဆုံမည့်နေရာတွင် “သူငယ်ချင်းရေ အတူပေါင်းစည်းကြမည်။ နှစ်စဉ် လူတစ်ဦး ပါလာပေးမည်”ဟု ကတိပေး ပြောဆိုခဲ့ကြောင်းသိရသည်။

 

ဘွေနူးမြစ် (ခေါ်) မြစ်သခင်မ

ဘွေနူးခေါ်မည် မြစ်နဒီလျှင်

ရေကြည်ဖြာဆင်း မြရောင်လင်းနှယ်

ဟားခါးနယ်ဆီ လိုင်တီလီမှ

မြစ်ဖျားစခါ စီးဆင်းလာ၏။

ထန်တလန်မြို့ ကားလမ်းသို့ဝင်

ထိုမြစ်ပြင်ကို ခေါ်ဆိုတီမစ်

နာမသစ်ဖြင့် ပေးရစ်လေပြန်

မြစ်ယံကမ်းပါး နုန်းသားမြေနု

ပေါ်စပြုလျှင် ထွန်ရေးငင်ခါ

စိုက်ကြရှရှာသည် ရွှေဝါရောင်ဖက်

လယ်ကွင်းဆက်ကာ ဝင်းမှည့်ဖြာ၏။

ဘွေနူးမြစ်ကား တွေပါးတောင်ကြော

လျှိုမြောင်ဇလပ် မြိုင်တောဖြတ်လျက်

မြောက်မှတောင်ဆီ စီးဆင်းသည်မှာ

သဘာဝတရား ဖန်ဆင်းထားသည့်

ဤမြစ်ယမုန် တောင်ကြောခွင်ကား

ရင်ဝယ်ကြည်နူး ပျော်ရွှင်မြူးဖွယ်

ရှုကြည့်မဆုံး ရှုံးမဆုံးပင်။

မတူပီနယ် ရောက်ခဲ့လေရ

အရှေ့မှသည် အနောက်ဆီသို့

ဝိုက်လည်တစ်မှောင့် ဖြောင့်ချီတသွင်

မြစ်ပြင်ကောက်ကွေး တံစဉ်ရေးနှယ်

ဖြည်းဖြည်းညင်သာ စီးဆင်းလာသည်  

တီတော၊ ဆရာ၊ ဝယ်ဖူးနှင့်

တီအောဗာပေါင်းပြန်

စိမ်းလန်းရှုမော ထင်းရှူးတောနှင့်

တောင်တန်းလူရှေ့ ထိုဌာနေဆီ

မီဇိုရမ်ထဲ စီးဆင်းဆဲဝယ်

နာမည်ခေါ်ငြီး ချီမ်တွီပွီး ဟု

သညာပြုပေ ထိုမြစ်ဘွေမှ

ဖောလှနာဝါ ရွက်လွှင့်ကာလျှင်

စုန်လာဆန်ချီ သွားကြပြီတည့်။

ထိုမှတစ်ဖန် ကွေ့ဝိုက်ပြန်လှည်  

နောက်ဆီမှ ရှေ့ပုဗ္ဗာသို့

စီးကျထွေထွေ သီတာရေလျှင်

တီဘီး၊ ဆမီး ရေကြီးကြောင်းတို့

မသွေပေါင်းစည်း ချောင်းကြီးမြစ်ငယ်

အသွယ်သွယ်နှော ရောယှက်စုပြန်

ကုလားတန်မြစ် အသစ်ခေါ်ထုတ်

နာမ်သမုတ်ပေ မြစ်ကမ်းခြေတွင်

နုန်းမြေတင်ခု မြေဩဇာပြုလျက်

မျှော်ရှုမဆုံး လယ်မြေဖုံး၏။

ထင်ပေါ်ကျော်ကြား ဤနဒီကား

ပလက်ဝနယ် ကွေ့ကောက်နေရ

ညီနောင်ခမီး သွေးနီးတွေက

ယပန်းတဝေါ ခေါ်ကြပြန်သည်

ခန့်ညားပေစွ ခန့်ပေစွ။

ကုလားတန်မြစ်၏ မြစ်ယံတစ်ဖက်

ကမ်းခြေထက်၌ ပလက်ဝမြို့

တည်ရှိလို့နေ အိမ်ရိပ်တွေပင်

ရေတွင်ထင်သည် ကမ်းပြင်နဖူး

ထွေထူးစားပင် စုံအလင်တည်

ရာသီအလိုက် စိုက်ကြပျိုးကြ

အလှပေါကြွယ် သာမောဖွယ်တည့်။

ရခိုင်ရိုးမ ကမ်းတစ်လျှောက်၌

မြစ်ကြီးမြစ်ငယ် အသွယ်သွယ်ဖြင့်

ပေါင်းဆင့်စီးသည် စာကြောင်းစီသော်

ကစ္ဆပနဒီ ခေါ်ကြပြီတည့်။

ချင်းတောင်တစ်လွှား အကြီးမားဆုံး

အရှည်ဆုံးသော မြစ်ကြောနဒီ

ဘွေနူးမည်ရ သခင်မသည်

နောင်ညီနွယ်ဖွား တိုင်းရင်းသားတို့

ပျော်ပါးလေသော ချင်းတောင်ကြာမှ

စုံတောမြိုင်ခြေ ဝနာဘွေရပ်

ကွေ့ကာပတ်ဝေ့ ပင်လယ်ကွေ့တွင်

စီး၍ဝင်သည် ဂုဏ်ရည်အလှ

စာသကြစို့ နောင်ညီတို့။

 

မတူပီမြို့နယ် ရေဇွာမြို့အနီးတွင် စာထောင်လ်၊ ရှာတလိုင်းရွာတို့ရှိပြီး စာလ်ထောင် စော်ဘွား၏ သမီးကလေးမှာ ငယ်ငယ်ကတည်းကပင် ပြည်မသို့ ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ကြသည်။ တစ်နေ့ စာထောင်လ်ရွာအပြန်တွင် သူ၏အဘွားဖြစ်သူက “စာလ်ထောင်ရွာနှင့် ရှာတလိုင်းရွာအကြား ကားလမ်းပေါ်ကကြည့်ရင် ဘွေနူးမြစ်ရှိတယ်၊ အဲဒီကို လှမ်းမကြည့် မိစေနဲ့နော်၊ ကြည့်မိရင် သေတတ်တယ်”ဟု ပြောကြောင်း၊ ဘွေနူးမြစ်မှ စာလ်ထောင် စော်ဘွား၏ မျိုးရိုးစဉ်ဆက် မည်သူမဆို သူ့ကြည့်မိပါက သေဆုံးပါစေဟု ကျိန်ဆို ပြောဆိုခဲ့သည်ဟု စာလ်ထောင်စော်ဘွားမျိုးများ၏ ပြောပြချက်အရသိရသည်။ ဘွေနူးမြစ်ကား မြစ်ချောင်းရှားပါးသော ချင်းပြည်နယ်တောင်တန်းရှိ တိုင်းရင်းသားများအား သောက် ရေ၊ သုံးရေနှင့် စပါးလယ်ယာများအတွက် ရေအကျိုးပြုသည့်အပြင် သားငါးများကိုလည်း ထုတ်လုပ်ပေးသည်။ မြို့နယ်အသီးသီးကို ဖြတ်သန်းစီးဆင်းရသဖြင့် သွေးချင်းများအား စည်းလုံးညီညွတ်မှုဖြစ်စေသော ချင်းတိုင်းရင်း သားတို့၏ အဖိုးတန် မြစ်တစ်ခုဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။

 

မှီငြမ်း-

ဦးအွန်လားဘိခ်၊ မတူပီမြို့

ဦးရမ်ထန်း၊ ချင်းပြည်နယ်လွှတ်တော်ရုံး၊ ဟားခါးမြို့