ချင်းတောင်တန်းပေါ်မှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်မည့် ကျောက်ပန်းတောင်းတောင်

၃  မတ်

 

ချင်းပြည်နယ်သည် အခြားသောခရီးစဉ် ဒေသများနှင့်မတူသော ထူးခြားသည့် သဘာဝအလှအပများ ပိုင်ဆိုင်ထားပြီး ပေ ၅၀ဝဝ နှင့် ၆၀ဝဝ ကြားရှိ တောင်တန်းများဖြင့် ဖွဲ့စည်းထားသည့် တောင်တန်းဒေသတစ်ခု ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန်များ၊ လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်သည့်အပြင် ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်ပုံများကို လေ့လာနိုင်သော ဒေသဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေရန် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံသည် ရှေးဟောင်းသာသနိကအဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ လှပလွန်းသည့် သဘာဝတောတောင်ရေမြေများ၊ မတူကွဲပြားသည့် တိုင်းရင်းသားရိုးရာဓလေ့များ တည်ရှိသောကြောင့် လူသိများထင်ရှားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဤသို့ လူသိများသည့်တိုင် လူသူအရောက် အပေါက်နည်းပါးပြီး လူသိနည်းနေသော သဘာဝအလှများစွာရှိသည့် ဒေသများလည်း ကျန်ရှိနေပါသည်။ ၎င်းတို့အနက် ချင်းတောင်တန်းရှိ ခေါနူးစုမ်(ခေါ်) နတ်မတောင်၊ အမြင့်ပေ ၆၀ဝဝ ကျော်တွင်သာ ပေါက်ရောက်သော တောင်ဇလပ်ပန်းများ၊ အသည်းပုံသဏ္ဌာန်ရိဒ်ရေကန်၊ အထင်ရှားဆုံး မဏိပူရမြစ်၊ ကိုးဆင့်ရှိသည့် ဘုံတလာရေတံခွန်၊ ကျောက်ပန်းတောင်းတောင် (ခေါ်)ကီမိုတောင်နှင့် ပါးရဲထိုး(ဆေးမင်ကြောင်ခြယ်) တိုင်းရင်းသူများသည် ချင်းပြည်နယ်၏ အထင်ကရပြယုဂ်များပင် ဖြစ်သည်။

 

ကျောက်ပန်းတောင်းတောင်ကို ဒေသနေ ခူမီးလူမျိုးတို့က “ကီမိုတောင်”၊မြိုလူမျိုးတို့က “ကီမာတောင်”၊ မတူချင်းလူမျိုးတို့က “ကီးမိုမိုတောင်”၊ ဒိုင်ချင်းလူမျိုးတို့က “ကြစ်မတောင်”၊ ရခိုင်လူမျိုးအချို့က “ချင်းမပန်းတောင်းတောင်”ဟုလည်း ခေါ်ကြသည်။ ကျောက်ပန်းတောင်းတောင်သည် ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နှင့် မိုင် ၂၀ အကွာတွင် ရှိသည်။ ပလက်ဝ-ဆမီး ကားလမ်းအတိုင်းလာပြီး တောင်ခြေဝန်းကျင် တောင်ဘက်ရှိ လာမွေတောင်ကျေးရွာနှင့် တင်းဘုန်းကျေးရွာတို့မှ လည်းကောင်း၊ ဆမီးမြို့မှ မီးချောင်းအတိုင်း ဆက်လက်ဆန်တက်၍ အရှေ့ဘက်တောင်ခြေရှိ မီးချောင်းဘားဝ ကျေးရွာမှလည်းကောင်း တောင်ပေါ်တက်ရန် လမ်းကြောင်းသုံးကြောင်းသာရှိသည်။

 

ကျောက်ပန်းတောင်းတောင်မှ မြစ်ဖျားခံစီးဆင်းလားသည့် ပလက်ချောင်းသည် မြို့၏ အရှေ့ဘက်တည့်တည့်တွင် ကစ္ဆပနဒီသို့စီးဝင်သည်။ ပလက်ချောင်းစီးဝင်ရာ ချောင်းဝ၏ အနောက်ဘက် ကစ္ဆပနဒီကမ်းနဖူးပေါ် မြို့တည်သည်ကို အစွဲပြု၍ ပလက်ဝမြို့ဟု ခေါ်ခြင်းဖြစ်သည်။ ပလက်ဝမြို့အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လျှင် ညိုပြာမှုန်မှိုင်းနေသော ကျောက်ပန်းတောင်းတောင်ကို အဝေးကပင် မြင်နိုင်သည်။ ဒုတိယ ဓညဝတီမြို့တည် ကံရာဇာကြီးမင်းနှင့် နောက်လိုက်တို့ အခြေချဖူးရာအရပ် ဖြစ်သည်။ “တိမ်နီမိုးဆောင်း၊ ကျောက်ပန်းတောင်း၊ ခြောက်ရောင်မောင်း” ဟု ဖွဲ့နွဲ့ကာ ရခိုင်သမိုင်းတွင် စာတင်ခဲ့သည်။ အတိတ်သမိုင်း ပြန်ပြောင်းကြည့်ပါက ကျောက်ပန်းတောင်းတောင် အနီးတွင် နီလာ ပန်းတောင်းတောင်လည်းရှိသည်။ ဤတောင်တို့မှာ ရခိုင်မြို့ဟောင်းနေရာများ ဖြစ်ခဲ့ဖူးကြောင်း ရခိုင်သမိုင်းတွင် တွေ့ရသည်။ နီလာပန်းတောင်းမြို့မှာ ဘီစီ-၁၅၀၈ ခုနှစ်တွင် မိဖုရားစောစစ် တည်ခဲ့သောမြို့ ဖြစ်သည်။

 

ပထမ ဓညဝတီမြို့တည် သူရဲကောင်းမျိုးဆက် မာရယုမင်း၏ နောက်ဆုံးမင်းစဉ်မင်းငယ် ပျော်လှစည်သူကို ကျွန်သုံးဦးပုန်ကန်၍ နတ်ရွာစံသဖြင့် မိဖုရားစောစစ်က သမီးတော်ကြီး သုနန္ဒရီ၊ သမီးငယ် ဖွားတော်သွေးတို့နှင့်အတူ ပထမ ဓညဝတီမှ ထွက်ခွာလာပြီး နီလာ ပန်းတောင်းမြို့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မိဖုရား စောစစ် နီလာပန်းတောင်းမြို့တွင် စံနေစဉ် တစ်ဖက်ရှိ ကျောက်ပန်းတောင်းမြို့မှ ဘုရင် ကံရာဇာကြီးက သိမ်းယူပြီး စောစစ်ကို ယောက္ခမအရာထားကာ သမီးတော်နှစ်ပါးအား မိဖုရားမြှောက်ပြီး ကျောက်ပန်းတောင်းမြို့တွင် ၂၄ နှစ် စိုးစံတော်မူသည်။ ထို့နောက် လူဦးရေ တိုးပွားလာမှုကြောင့် မြေပြန့်ဒေသတွင် မြေနေရာပြောင်းရွှေ့ကာ ဒုတိယ ဓညဝတီမြို့ကို စတင်တည်ထောင်ခဲ့သည်။

 

ဝေသာလီခေတ်ကုန်ခါနီးတွင် မြိုလူမျိုး အမြတူ၊ အမြကူ၊ သားပဲဖြူတို့သုံးဦး ဘုရင်ဖြစ်လာခဲ့သော သမိုင်းကြောင်းမှာ ရခိုင်ရာဇဝင်တွင် ထင်ရှားခဲ့သည်။ လေးမြို့ခေတ် ဒုတိယ ပုရိန်မြို့တည် ဒဿရာဇာမင်းလက်ထက်တွင် မြိုလူမျိုး ရဟောင်လာ၊ အပေါင်လာတို့ လမ်းညွှန်မှုဖြင့် မဟာမုနိရုပ်ပွားတော်ကို ချောင်းဖျားငယ်တစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်း တို့သည် တောင်ပေါ်ဒေသများတွင် အခြေခံ၍ နေထိုင်ကြသည့် မြိုလူမျိုးများ ဖြစ်သော်လည်း တိုင်းပြည်ကိုအုပ်ချုပ်သည့် မင်းအဖြစ်အထိ ရခိုင်တိုင်းရင်းသားများက လက်ခံခဲ့ကြသည်။

 

မြောက်ဦးခေတ်၌လည်း မီးချောင်းစားသည် မြို့အချို့ ထောင်ထားခြားနားမှုကြောင့် နှိမ်နင်းခဲ့ရသည်ဟူ၍ ရခိုင်သမိုင်း ကွင်းဆက်များ မှတ်သားမိသည်။ ဝေသာလီခေတ် အြွကင်းအကျန်တစ်ခုဖြစ်သော မီးချောင်းဝရှိ နတ်ရုပ်သည်လည်း အထောက်အထားတစ်ခုပင် ဖြစ်သည်။ ယခုအခါ မီးချောင်းဝနတ်ရုပ်ကို အသစ်တစ်ဖန် ပြုပြင်ထားသည်။ မီးချောင်းဝမှ ဆန်တက်လာလျှင် မြင်းသောင်ကျေးရွာရှိသည်။ ဤကျေးရွာ၌ ဗုဒ္ဓ၏ ဗျာဒိတ်ရဓာတ်တော်ဖြစ်သော မီးညောင်းရိုးဓာတ်တော် တည်ရှိသည်။ ဤဓာတ်တော်ကိုအစွဲပြု၍ ဤချောင်းကို မီးချောင်းဟု ခေါ်ခဲ့ခြင်းဖြစ်သည် ဆို၏။ မီးချောင်းအောက်ဘက် ဒေသတစ်ခွင်တွင် မြိုတိုင်းရင်းသားများ ယနေ့တိုင် နေထိုင်လျက်ရှိကြောင်း တွေ့ရသည်။ ၁၈၈၆ ခုနှစ်တွင် ကပ္ပတိန် G.C.Rigby က ကျောက်ပန်းတောင်းတောင်နှင့် နီလာ ပန်းတောင်းတောင်ရှိရာ တောင်ကုန်းဒေသများသို့ မြေတိုင်းရန်ရောက်ခဲ့စဉ်က ဤနေရာမှာ လူနေထိုင်ခဲ့သော နေရာဟောင်း  (Settlement) တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

 

ကျောက်ပန်းတောင်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ (သို့) အင်္ဂလိပ်အက္ခရာ ဃ ပုံသဏ္ဌာန်ဖြစ်သည်။ အမြင့် ၄၂၆၉ ပေ ရှိ၏။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ ချောက်ကမ်းပါး ကျောက်နံရံကြားတို့တွင် တောရိုင်းတိရစ္ဆာန်များ သွားလာကျက်စားနေသည်ကို တွေ့မြင်နိုင်သည်။ ကျောက်ပန်းတောင်းတောင်၏ ၁၅ မိုင်အကွာအဝေးကို တစ်ဖက်တစ်ချက်စီတွင် တောင်ပူစာငယ် နှစ်လုံးဖြင့် ပိုင်းခြားထားသည်။ အနောက်ဘက်ရှိ တောင်ပူစာငယ်၏ အမြင့် မှာ ၄၂၆၉ ပေ ရှိပြီး အရှေ့ဘက်တောင်ပူစာငယ်၏ အမြင့်မှာ ၃၃၇၃ ပေ ရှိသည်။ တောင်၏ ၁၅ မိုင်ဝန်းကျင် ပတ်လည်အတွင်း တစ်တောင်နှင့်တစ်တောင် အကွာအဝေးနှင့် အရွယ်အစားတူညီသည့် တောင်ပူစာငယ် ၈၈ လုံးဖြင့်လည်း ဝန်းရံထားသည်။ ထိုတောင်ပူစာငယ်များပေါ်တွင် နံနက်ပိုင်း၌ တိမ်များ၊ မြူခိုးများဝေဆိုင်းနေမှုကြောင့် တိမ်ပင်လယ်ကြီးသဖွယ် ဖြစ်တည်နေသည်။ နံနက်စောစော နေထွက်ချိန် တိမ်ပင်လယ်ကြီးများနှင့် နေဝင်ဆည်းဆာချိန် သဘာဝအလှ ရှုခင်းများကို ကြည့်ရှုခံစားရင်း တောင်ဘက် ကျောက်တော်မြို့အရှေ့ဘက်ရှိ ကျောက်တော် တောင်စေတီကိုလည်း အဝေးမှပင် ဖူးမြော်နိုင်သလို ဘင်္ဂလားပင်လယ်အော်ကိုလည်း မြင်တွေ့ရသည်။ကျောက်ပန်းတောင်းတောင်ကို ရေအေးစခန်း၊ တောင်ဆိပ်စခန်း၊ ကောက်ရိုးပင်စခန်း ဟူ၍ စခန်းသုံးခုဖြင့် ပိုင်းခြားထားသည်။

 

ကျောက်ပန်းတောင်းတောင်ထိပ် ကျောက်သားပြင်ရှိရာ ရေအေးစခန်းကို တောင်ခြေမှ ၁၂မိုင် တောင်တက်ခရီးဖြင့် သွားရောက်နိုင်သည်။ ရေအေးစခန်းရှိ ကျောက်သားပြင်တွင် ကျောက်စရစ်၊ ကျောက်ခဲကြားမှသဘာဝ စိမ့်စမ်းရေကြည်များ ထွက်ရှိနေသည့်အတွက် နိုင်ငံခြားခရီးသွားများ လာရောက်မှုကို ဆွဲဆောင်နိုင်သည့် ကျောက်ရေအိုင်တစ်အိုင်ရှိသည်။ ယင်းကျောက်ရေအိုင်တွင် ငါး၊ ပုစွန်၊ ဖားတို့ ကျက်စားနေ၏။ တောင်ထိပ် ကျောက်သားပြင်တွင် စေတီငယ်တစ်ဆူနှင့် လက်ဝါးကပ်တိုင်တစ်ခုကိုလည်း တွေ့နိုင်သည်။

 

ရေအေးစခန်းမှ အနောက်ဘက်သို့ ခရီးဆက်ပါက တောင်ဆိပ်စခန်းကို ရောက်ရှိသည်။ တောင်ဆိပ်စခန်းဝန်းကျင်တွင် မြက်ပင်ရှည်များ ပေါက်ရောက်လျက်ရှိ၏။ ရှေးယခင်က ကျား၊ ဆင်၊ ကြံ့၊ သတ္တဝါကြီးများ ကျက်စားခဲ့ရာနေရာဟု ဆိုပါသည်။ ထို့ကြောင့် ဒေသခံလူမျိုးတို့က ကျောက်ပန်းတောင်းတောင်ကို နတ်ဆိုးတို့နေထိုင်ရာနေရာဟု ယုံကြည်ခဲ့ကြသည်။ ဤနေရာသည် တောလိုက်ရင်း လမ်းပျောက်ခဲ့ကြသည့် မုဆိုးတို့ကို တောင်ခြေရင်းတွင် ရှာဖွေတွေ့ရှိခဲ့သူများ ရှိခဲ့သလို ရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့သူများလည်း ရှိခဲ့ဖူးသည်ဟု ဒေသခံများက ပြောဆို နေကြဆဲ ဖြစ်သည်။

 

တောင်ဆိပ်စခန်းမှ ဆက်လက်ခရီးဆက်ပါက ကောက်ရိုးပင်စခန်းကို ရောက်ရှိသည်။ ကောက်ရိုးပင်စခန်းဝန်းကျင်တစ်ဝိုက်တွင် သဘာဝပေါက်ပင်နှင့် ပန်းမန်များ၊ သစ်ခွပန်းများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိပြီး တောပန်း၊ တောင်ပန်းများဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။

 

ကျောက်ပန်းတောင်းတောင်သည် ယခင်က သွားလာမှုခက်ခဲသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံအချို့ တောလိုက်ရင်း ရောက်ရှိခဲ့ခြင်းမှလွဲ၍ လူသူ အရောက် အပေါက်နည်းပါးပြီး လူသိနည်းနေသော သဘာဝအလှများစွာ တည်ရှိရာ ဒေသတစ်ခုအနေဖြင့် အထီးကျန်နေဆဲ ဖြစ်ပါသည်။ ဝန်းကျင်တစ်ခိုမှာလည်း ယနေ့တိုင် GreenTourism အဖြစ် တည်ရှိနေဆဲဖြစ်သည်။ သဘာဝဂေဟစနစ်များကိုလည်း ယနေ့တိုင် ကာကွယ်ထိန်းသိမ်းထားရှိသည်။

 

ယခုအခါ ပလက်ဝ-ဆမီး-မတူပီ ကားလမ်းကို မြေသားလမ်းအဖြစ် ဖောက်လုပ်ပြီးစီးပြီဖြစ်ရာ လမ်းပိုင်းတစ်ခုလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိနေမှုနှင့်အတူ အနီးဝန်းကျင်ရှိ ဒေသခံကျေးရွာသားတို့၏ ကိုယ့်အားကိုယ်ကိုး တောင်တက်လမ်းများ ဖောက်လုပ်ထားရှိပေးမှုကြောင့် ဒေသခံများအပြင် ပတ်ဝန်းကျင်မြို့နယ်အချို့မှ လာရောက် လေ့လာသူများလည်း ရှိနေပြီဖြစ်သည်။ တောင်တက်လမ်းများကို အခုထက် အဆင်ပြေအောင် ဖောက်လုပ်ပေးမည် ဆိုပါက လာရောက်လေ့လာသူ ပိုမိုများပြားလာနိုင်စရာ အကြောင်းရှိသည်။

 

မကြာသေးသည့်အချိန်က ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ်က ကျောက်ပန်းတောင်းတောင်သို့ တက်ရောက်ကာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများအတွက် သွားရောက်ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းတောင်သည် တိရစ္ဆာန်မျိုးစုံ နေထိုင်သည့်နေရာတစ်ခု၊ နို့တိုက်သတ္တဝါမျိုးစုံနှင့် ရှားပါးငှက်မျိုးစုံများ၊ လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များ၊ သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန်များ၊ သစ်ခွမျိုးစိတ်များအပြင် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှု ပုံစံ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်မှုများကို လေ့လာနိုင်သည့် ဒေသ တစ်ခုဖြစ်ရာ အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်နိုင် သည့် ဒေသအကျိုးပြုခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင် ရွက်ပေးနိုင်မည်ဆိုပါက ခရီးစဉ်ဒေသ ရေရှည် တည်တံ့ခိုင်မြဲစေရန်နှင့် ဧည့်သည်များ လည်ပတ်ခြင်းတို့ကြောင့် ယင်းခရီးစဉ်ဒေသ၏ ထိခိုက်မှုမှာလည်း နည်းနိုင်သမျှ နည်းစေမည်ဖြစ်သောကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်မည့် ခရီးသွားလုပ်ငန်းတစ်ခုကို ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနနှင့် ခရီးသွားကုမ္ပဏီတို့ ချိတ်ဆက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

 

မောင်မောင်ကျော့ (ပလက်ဝ)