ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီမှ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဟားခါး ၃၀ မတ်        

ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီ တို့ ပူးပေါင်း၍  ဟားခါးမြို့အတွင်း COVID-19 ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ အဝေးပြေးကားဂိတ်နေရာတွင်  ကားဝင်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ဂိတ်မှူးရုံးခန်း များ၊ ပစ္စည်းထားရှိရာနေရာများနှင့် ခရီးသည်ထိုင်နေရာများအားလုံးကို ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

အဝေးပြေးကားဂိတ် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား ချင်းပြည်နယ်စည်ပင် သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့်  ကော်မတီဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြရာ ချင်းပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က မော်တော်ယာဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများအား COVID-19 ရောဂါကူးစက်မှု မရှိစေရေး မော်တော်ယာဉ်ပိုင်ရှင်များ၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ပူးပေါင်း၍ လက်ဆေးကန် များ၊ Hand Gel များ၊ အသိပညာပေး ပိုစတာများ ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းက ပိုးသတ်ဆေး ပက်ဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဟားခါးမြို့အတွင်း COVID-19 ရောဂါကူးစက်မှုမရှိစေရေး  ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီးခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမားရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းများ၊ ရောဂါကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းများနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)