ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုပ်ပေါင်း ၄၄၉၅၅ ထုပ်အား ဒေသတွင်းပြည်သူများ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေထားရှိ

ဟားခါး ၄ ဇွန်

 

ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများအား မိုးရာသီအတွင်း နေအိမ်ခြံဝင်းများတွင် Home Garden အနေဖြင့်လည်းကောင်း၊ တောင်ယာများတွင် စိုက်ပျိုးနိုင်ရန်အတွက်လည်းကောင်း တောင်သူများအား ဖြန့်ဝေပေးထားပြီးဖြစ်ကာ ချင်းပြည်နယ်အစိုးရအဖွဲ့သို့လည်း ဟင်းသီးဟင်းရွက် မျိုးစေ့များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မိုးရာသီအတွင်း ဒေသခံပြည်သူများ မိမိအိမ်ခြံဝင်းအတွင်း၌ Home Garden အနေဖြင့်လည်းကောင်း၊ တောင်ယာများ၌လည်းကောင်း စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဟင်းသီးဟင်းရွက် မျိုးစေ့အထုပ်များကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

“COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်းမှာ Home Garden အနေဖြင့် အိမ်မှာသော်လည်းကောင်း၊ တောင်ယာတွေထဲမှာဖြစ်ဖြစ် စိုက်ပျိုးနိုင်အောင် ဟင်းသီးဟင်းရွက် မျိုးစေ့ပေါင်း ၂၇ မျိုး၊ မျိုးစေ့ထုပ်ပေါင်း ၄၄၉၅၅ ထုပ်ကို ဖြန့်ဝေပေးခဲ့ပြီး ဒေသနဲ့ကိုက်ညီတဲ့ မျိုးစေ့များကို အခမဲ့ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ ကွင်းဆင်းဆောင်ရွက်တဲ့အခါ လိုအပ်တဲ့နေရာတွေမှာ တောင်သူတွေကို ဖြန့်ဝေပေးနိုင်ဖို့ မျိုးစေ့ထုပ်တွေကို လှူဒါန်းရခြင်းဖြစ်ပါတယ်” ဟု ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)

 

mdn