ချင်းဘာသာစကားဖြင့် ပုံပြောပြိုင်ပွဲ ကျင်းပ

စိန်ကျော်

ချင်းဘာသာစကားဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌ လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ထားသည့် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်ရာ ဂန့်ဂေါမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကိုးတွဲ ၁၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

ဘာသာ၊ ဓလေ့ ပိုမိုရှင်သန်နိုင်စေရန် “ပြိုင်ပွဲမှာ ချင်းဘာသာနဲ့ပုံပြင်ပြောပြတာကို အားလုံး နားလည်နိုင်အောင် ဗမာဘာသာ ပြန်ဆိုပြောဆိုသူတစ်ဦး ပါတွဲပြီးတော့ ပါဝင်ယှဉ်ပြိုင်စေပါတယ်။ ဘာသာ၊ ဓလေ့များ ပိုမိုရှင်သန်နိုင်စေရန် ကျင်းပတာဖြစ်ပါတယ်။ ဇိုတုန်းချင်းဘာသာရော၊ ဟားခါးချင်းဘာသာ နှစ်မျိုးလုံးအတွက် ယှဉ်ပြိုင်ပွဲကျင်းပတာပါ”ဟု ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက ပြောသည်။

အဆိုပါ ဇိုတုန်းချင်းဘာသာ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောတိုက် အလက (ခွဲ) ကျောတိုက်မှ မတင်ပါးမွှေးနှင့် ဆုန်ချင်းပါရ်မွှေးတို့က ပထမ၊ မြို့မအထကမှ မမီးမီးဝင်း နှင့် မသိန်းမေတို့က ဒုတိယ၊ စည်ပင်သာယာ အလက (ခွဲ) မှ မောင်အောင်ပြည့်နှင့် မနော်ရင်မယ်တို့က တတိယဆုများ ကိုလည်းကောင်း၊ ဟားခါးချင်းဘာသာ ပုံပြင်ပြောပြိုင်ပွဲတွင် ဇာဟောရွာ အထက (ခွဲ) မှ မဗျက်ထားချင်းနှင့် မဇာလှံကိန်းတို့က ပထမ၊ အုတ်လှ အလကမှ မောင်ကျုံး ဘိခ်လျောန်းနှင့် မခင်စန္ဒာဦးတို့က ဒုတိယ၊ အုတ်လှ အလကမှ မခရစ္စတီးနားနှင့် မသီတာမြင့်တို့က တတိယဆုများ အသီးသီးရရှိကြ၍ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြကြောင်း သိရသည်။

ကြေးမုံ