ခမောက်ကြီး နယ်မြေအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ရှမ်း(၆)ရွာသို့ (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ် ကုသရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်

ခမောက်ကြီး  ၉  ဧပြီ ရက်

 

ခမောက်ကြီးမြို့ (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသည် ခမောက်ကြီး ဒေသ အတွင်းရှိ ပါချန်မြစ်ကြောင်းတစ်လျှောက် ထိုင်း-မြန်မာနယ်စပ်ရှမ်း(၆)ရွာသို့ ဧပြီ ၈ ရက်မှ ၉ ရက်အထိ (ကိုဗစ်-၁၉) ကပ်ရောဂါ ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မပျက် ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

120

 

ခမောက်ကြီးမြို့ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)  ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ၊  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ဦးစီးသည့်အဖွဲ့သည်(ကိုဗစ်-၁၉)အသိပညာပေး ယာဉ်ဖြင့် ကျေးရွာများသို့ လှည့်လည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲမှ ထုတ်ပြန်ထားသည့် အသိပေး နှိုးဆော်ချက်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ (ကိုဗစ်-၁၉)နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ ဥပဒေပြဌာန်းချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာတစ်ရွာလျှင် မျက်နှာဖုံးကာအခု (၅၀)စီနှင့် ပညာပေးပိုစတာများကို လည်းကောင်း ၊ မာရမ်းကျေးရွာတိုက်နယ်ဆေးရုံတွင် PPE ဝတ်စုံ(၁၀)စုံကို လည်းကောင်း၊ အေးချမ်းသာကျေးရွာ၊ လုံးဖောကျေးရွာနှင့် ဖော့သုတ်ကျေးရွာတို့တွင်  နှာခေါင်းစည်း (Mask)(၁)ဘူး စီကိုလည်းကောင်း ပေးအပ်ခဲ့သည်။

 

ထို့နောက် ၁၄ ရက် စောင့်ကြည့်စခန်းများမှ  ပြည်သူများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးကာ (၁၄)ရက်ပြည့်သူများအား ၎င်းတို့နေရပ်သို့ ပြန်ရန်အတွက် ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)