ခိုင်မာသောစိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်လွှား

mdn

နေပြည်တော် ၁၇ စက်တင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာများကို ရန်ကုန်မြို့တွင် နေ့စဉ်ရာဂဏန်းချီ၍ တွေ့ရှိနေ သည်။ ပိုးတွေ့လူနာများ နေ့စဉ်နှင့်အမျှ တိုးလာသည်နှင့် လူနာများ အား ပြုစုကုသရန် ဆေးရုံများ လိုအပ်လာသည်။ ဆေးရုံသာမက ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ဆေးဝါး အထောက်အကူပြုပစ္စည်းများပါ လိုအပ်လာသည်။ ထိုစိန်ခေါ်မှုမှာ ကြီးမားပြီး ယင်းကို ကျော်လွှားနိုင်အောင် ခိုင်မာသောစိတ်ဓာတ်ဖြင့် ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။

 

တစ်နေ့လျှင် ဓာတ်ခွဲအတည်ပြုလူနာ ၂၀၀ ကျော်၊ ၃၀၀ စံချိန်တင် မြင့်မားလျက်ရှိရာ ထိုအခြေအနေကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အတည်ပြုလူနာများနှင့် ကူးစက်မှုနှင့် ဆက်နွှယ်သောသူများအား Quarantine စင်တာများတွင် ထားရှိရေးတို့အား စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရသည်။

 

နေ့စဉ်ပိုးတွေ့ လူနာများ အမြောက်အမြားတိုးနေခြင်း၊ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် တိုးလာခြင်းတို့ကြောင့် ပြည်သူလူထုကျန်းမာရေးဘက်တွင် ကြီးမားသော စိန်ခေါ်မှုကြီးကဲ့သို့ ဖြစ်နေသော်လည်း ခိုင်မာသော စိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ရမည်ဟု ယုံကြည်ထားသော ကျန်းမာရေး ရှေ့တန်းမျက်နှာစာမှ အရန်သင့်သူရဲကောင်းများနှင့် လူနာများအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားမှုများကြောင့် မကြာမီကာလတွင် အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်သည်။

 

ရောဂါပိုးတွေ့ လူနာများအား ပြုစုကုသမှုပေးနေသည့် ကုသရေး စင်တာများ မလောက်ငပါက ရန်ကုန်မြို့တွင် ယာယီကုသရေးစင်တာများ အသင့်ပြုလုပ် ထားပြီးဖြစ်သည်။ ထောင်နှင့်ချီသော လူနာများအား နိုင်နင်းအောင် ကုသမှုပေးနိုင်ပြီး ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ရောဂါ ကာကွယ်ရေး လိုက်နာရမည့် အချက်များကို မပျက်မကွက် လိုက်နာကြပါက မကြာမီကာလတွင် ရောဂါဘေးမှ ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါသည်။ ယခုအချိန်သည် အရေး အကြီးဆုံး အချိန် ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှု အမြင့်မားဆုံးကာလဖြစ်၍ စိတ်ဓာတ်အင်အားကို မြှင့်တင် ပေးရမည့်ကာလ ဖြစ်သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ “ပြည်သူ ပြည်သားအပေါင်း ပူးပေါင်းပြီးတော့ အဓိကအားဖြင့် ရန်ကုန်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ဆောင်ရွက် ပေးကြပါ။ အားလုံးဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီပြဿနာ ကို ဖြေရှင်းနိုင်မယ်၊ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

 

ရှေ့တန်းမှဆင်နွှဲနေသော ကျန်းမာရေးဝန်ထမ်းများအားလုံးသည် ကိုဗစ်-၁၉ကို အောင်နိုင်ရေးအတွက် စိတ်ဓာတ်ခိုင်ခိုင်မာမာ စိုက်ထူထားပြီး ဖြစ်သည်။ ပြည်သူများအားလုံး ပူးပေါင်းပါဝင် လက်တွဲပြီး ဆောင်ရွက်ပေး ဖို့သာလိုပေသည်။ ရန်ကုန်မြို့သည် ပြည်တွင်း၊ ပြည်ပ အဝင်အထွက်များရာ ဒေသဖြစ်၍ ရောဂါကာကွယ်ရေးအချက်များ လိုက်နာရန် အားနည်းသည်နှင့် ရောဂါကူးစက်မှုများ အလျင်အမြန်တိုးတက်လာခဲ့သည်။ တစ်ယောက်ချင်း တစ်ယောက်ချင်း အနည်းငယ်မျှ စည်းကမ်းလိုက်နာမှု အားနည်းသည်နှင့် ပတ်ဝန်းကျင်သို့ အများအပြား ကူးစက် သွားသည်ကို တွေ့ရမည်ဖြစ်သည်။

 

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ယခုရက်ပိုင်းအတွင်း သည်းခံ၍ စနစ်တကျ နေထိုင်ပေးကြပါရန်၊ အာရုံစူးစိုက်ပြီး ကိုယ့်ကို ရောဂါမကူးအောင်၊ ကိုယ်က ရောဂါမကူးစက်အောင် နေထိုင်ပေး ရန် လိုအပ်ပါသည်။ သွားသတိ၊ လာသတိဖြင့် အန္တရာယ်သည် အမြဲရှိနေသည်ဟု သိထားရမည် ဖြစ်သည်။ နှာခေါင်းစည်းကို အမြဲတပ်ထားဖို့ လိုအပ်ပါသည်။ မိသားစု အတွင်း၌ပင် နှာခေါင်းစည်း အမြဲတပ်ထားဖို့ လိုအပ်ပါသည်။

 

ယခုအခါ ရန်ကုန်မြို့တွင် လူစုလူဝေးဖြစ်စေသော မြို့တွင်းခရီးသွားများ၊ မော်တော်ယာဉ် ဂိတ်များ၊ စက်ရုံအလုပ်ရုံများမှာ အရေးကြီးလာပြီ ဖြစ်သည်။ ပြည်သူ များအနေဖြင့် မဖြစ်မနေ နှာခေါင်းစည်းတပ်ရန်၊ မေးစေ့တွင် မချိတ်ထားရန်၊ လက်ကို လက်ဆေးဆပ်ပြာနှင့် ရေဖြင့် ဆေးကြောရန်၊ လက်သန့်ဆေးရည် ဆောင်ထားပြီး လက်ကိုမကြာခဏ ဆေးကြောရန်၊ လူစု လူဝေး အတတ်နိုင်ဆုံးရှောင်ရှားရန် ဟူသည့်အချက်များကို လိုက်နာလျှင် မကြာမီကာလတွင် ကိုဗစ်-၁၉ ကို ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ