ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာစားများအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပင်စင်လစာ ထုတ်ပေးလျက်ရှိ

ချီဖွေ ၊ ၂၃ ဇန်နဝါရီ  

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်လစာစားများအတွက် ပင်စင်များကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ  ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ပင်စင်လစာ လာရောက်ထုတ်ယူသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် ခြောက်ပေအကွာနေရာထိုင်ခင်းများ စီမံထားခြင်း၊ လက်သန့်ဆေးရည်များ ထားခြင်းနှင့် ကိုယ်အပူချိန်များ တိုင်းတာပေးခြင်းကို ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးသည်။

ပင်စင်ထုတ်ယူရာ၌  လူစုလူဝေးမဖြစ်စေရန်အတွက် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အတွင်း နံနက် ၉နာရီ မှ  ၁၁ နာရီအထိ  ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်ပုံမှန် ထုတ်ပေးလျက်ရှိသည်။  

ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား ဖေဖော်ဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းချိန် အတွင်း၌ ပင်စင်များကို ထုတ်ပေးမည်ဖြစ်ပြီး ချီဖွေမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၃၃၉) ဦးရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ ထိတွင် ပင်စင်စား (၁၁၇) ဦး လာရောက်ထုတ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
     
ဇင်မာဝင်း (ပြန်/ဆက်)