ကြေးသွန်းလုပ်ငန်းအတွက် မြေပန်းပုများကို ပုတ်ပြတ်လုပ်ဆောင်မှုနှင့်အတူ ရိုးရာကြေးသွန်းလုပ်ငန်းကို စက်မှုနည်းပညာဖြင့် ပေါင်းစပ်လုပ်ကိုင်လာ

မန္တလေး ၂၁ နိုဝင်ဘာ

မြန်မာ့ကြေးသွန်း အနုပညာလက်ရာသည် ခေတ်အဆက်ဆက်က ထင်ရှားကျော်ကြားပြီး လက်ရာမြောက်လွန်းလှသည်။ လက်ရှိကာလတွင် ရိုးရာကြေးသွန်းလုပ်ငန်းကို ပလာစတာနည်း စက်မှုနည်းဖြင့် ပေါင်းစပ်လုပ်ကိုင်သည့်အတွက် မြန်ဆန်လာကာ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးဖြစ်နေသည်။ လက်ရှိကာလတွင် ကြေးသွန်းလုပ်ငန်းနှင့် ပလာစတာပုံသွင်း လုပ်ငန်းအတွက် ရွှံ့ပန်းပုရုပ်တုများကို ပန်းပုပညာရှင်များက ပုတ်ပြတ်လုပ်ဆောင်လာရာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှံ့ပန်းပုတစ်ခုပြုလုပ်ရန်အတွက် ရုပ်တုအကြီးအသေးအလိုက် နှစ်ရက်မှ သုံးရက်အထိ ပြုလုပ်ရသည်။ သုံးပေအရွယ် ရွှံ့ပန်းပုတစ်ခုလျှင် ငွေကျပ် ခြောက်သောင်းဖြင့် ပြုလုပ်ပြီး အရွယ်အစားကြီးသွားပါက ဈေးနှုန်းပိုရရှိသည်။ ရွှံ့ပန်းပုအရုပ်တစ်ခု ပုတ်ပြတ်ပြုလုပ်ရာတွင် အရွယ်အစားအလိုက် အနည်းဆုံးငွေ ကျပ်ခြောက်သောင်းမှ တစ်သိန်းငါးသောင်းကျော်တန်အထိ ပုတ်ပြတ်ပြုလုပ်ကြောင်း ရွှံ့ပန်းပုပညာရှင် ဦးဝင်းမြင့်အောင်ထံမှ သိရသည်။

ကြေးသွန်းရုပ်တုတစ်ခု ဖြစ်ပေါ်ရန် ရိုးရာနည်းအတိုင်းပြုလုပ်ပါက အဆင့်များစွာ ဖြတ်ကျော်ရသည်။ ပထမဦးစွာ ရွှံ့စေးနှင့် စပါးခွံတို့ကို သမအောင်နယ်ထားသောမြေဖြင့် မိမိသွန်းလုပ်လိုသည့်ပုံစံကို ပုံဖော်ရသည်။ ပုံဖော်ထားသည့် အကြမ်းထည်ရွှံ့ရုပ်ကို နေလှန်းပေးရသည်။ နေလှန်း၍ ခြောက်သွားသော အကြမ်းထည်ကို အချောကိုင်ရသည်။ ပုံချောထွက်လာပါက ပြန်၍နေလှန်းပေးထားရသည်။ နေလှန်း၍ ခြောက်သွားသည်နှင့် ကော်ဖတ်စားကာ မြေနုသုတ်ပေးရသည်။ ထို့နောက် ကော်ဖတ်အချောစားကာ ကော်ရည်သုတ်သောအဆင့်တို့ကို ပြုလုပ်ကြရသည်။ ဒုတိယအဆင့်အနေဖြင့် ဖယောင်းကိုင်သောအဆင့်ကို ပြုလုပ်ကြသည်။ ဖယောင်းကိုင်ရန်အတွက် ဖယောင်းကိုအချိုးကျ စပ်ပေးရသည်။ ဖယောင်းစပ်ရာတွင် ဖယောင်းအဖြူ ၁၀ ပိဿာ၊ အင်တွဲ ၆ ပိဿာ၊ ရေနံချေး အပျော့၊ အမာတို့ကို လိုသလိုစပ်ပြီးထည့်ကာ ကျိုရသည်။ ဖယောင်းကျိုပြီးသည်နှင့် စက်ဖြင့် အပြားကြိတ်ကာ ကိုယ်လိုရာထုကို အပြားပြုလုပ်ရသည်။ ဖယောင်းပုံအဆင့်မှ အရေးကြီးပြီး ဖယောင်းပုံတူမှ ပုံတူအဆင့်ရောက်သည်။

မြေကြမ်းမံပြီးသည်နှင့် သံပြားများနှင့် ချုပ်ရသည်။ သံပြားပေါ်တွင် မြေတစ်ထပ်မံပေးရသည်။ ထို့နောက် အောက်ခြေခွာချုပ်ပြီး အပေါက်ဖောက်ကာ မြေမံရပြန်သည်။ ထိုအခြေအနေတွင် အတွင်းပိုင်းကမြေ၊ အလယ်က ဖယောင်း၊ အပြင်ကမြေ၊ အောက်ခြေဖောက်နေလှန်းပြီး ခြောက်သည်နှင့် ကြေးသွန်းလောင်းရန် အဆင်သင့်ဖြစ်သွားသည်။

ကြေးသွန်းပြီးသည်နှင့် တစ်ရက်ထားပြီး မြေသားကို ထုခွာလိုက်သည်နှင့် ကြေးသွန်းပုံကြမ်းပေါ်လာသည်။ ထိုကြေးသွန်းပုံကြမ်းကို ခေတ်ပေါ်စက်ကိရိယာဖြင့် အချောကိုင်ကာ ကြေးကိုအရောင်တင်ကြရသည်။ ထိုသို့ပြုလုပ်ပြီးပါက ဈေးကွက်ဝင်သည့် လက်ရာမြောက် ကြေးသွန်းအနုပညာ တစ်ခုဖြစ်ပေါ်လာရသည်။ ကြေးသွန်းရုပ်တုများမှာ အရွယ်အစားအလိုက် ရက်အနည်းငယ်မှ ရက်များစွာအထိ အချိန်ယူကြရသည်။

လက်ရှိကာလတွင် ရိုးရာကြေးသွန်းလုပ်ငန်းကို ပလာစတာနည်းပညာ စက်မှုနည်းပညာဖြင့် ပေါင်းစပ်လုပ်ကိုင်လာသည့်အတွက် မြန်ဆန်လာသည်။ ပလာစတာပုံ မိုယူရန်အတွက် ရွှံ့ပန်းပုတစ်ခုသာ ပြုလုပ်ရသည့်အတွက် မြေကုန်သက်သာသွားသည်။   ကြေးသွန်းရန်အတွက် ထင်းအစား အသုံးပြုပြီး အင်ဂျင်ဝိုင်ပျက်များကို ပန့်စနစ်ဖြင့် မီးဖိုအသုံးပြုသည့်အတွက် ထင်းအကုန်သက်သာကာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းပြီးဖြစ်နေသည်။

ရိုးရာကြေးသွန်းနည်းဖြင့် ခြောက်လပြုလုပ်ရသော ကြေးသွန်းရုပ်တုတစ်ခုကို စက်မှုနည်းဖြင့် ပေါင်းစပ်လုပ်ကိုင်ပါက တစ်လအတွင်းပြီးစီးကာ ကြေးသွန်းရုပ်တု အများအပြား ထုတ်လုပ်လာနိုင်ကြောင်း ကြေးသွန်းပညာရှင် ကိုမင်းကိုထံမှ သိရသည်။  လက်ရှိကာလတွင် ကြေးသွန်းရုပ်တုများ ကြေးစည်၊ ခေါင်းလောင်း၊ ဆည်းလည်း၊ ပုံတူကြေးသွန်းရုပ်တုများ၊ ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုး၊ နဂါးရုံဘုရားနှင့် အခြားရုပ်တုများကို မန္တလေးမြို့မှ အဓိကပြုလုပ်ပေးနေရသည်။ ကြေးသွန်းလုပ်ငန်း၏ အခြေခံဖြစ်သော ရွှံ့ပန်းပုထုသူများမှာ ပုတ်ပြတ်လုပ်ဆောင်လာသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။  

တိမ်တမန်