ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

တံတားဦး ၁၂ ဇူလိုင်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပျားကျေးရွာအုပ်စု ကုက္ကိုကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းရှိ ရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ တံတားဦးမြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လကထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။ ကျွန်တော်တို့ကျေးရွာ ရွာလယ်လမ်းမကြီး  ယခုလို လမ်းအဆင့်မြှင့်တင်ခြင်းဖြင့် ကျေးရွာသူ/ရွာသားများဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် အလွယ်တကူသွားလာနိုင်မှာ ဖြစ်သလို ကုန်စည်စီးဆင်းမှုအတွက်လည်း အလွယ်တကူသွားနိုင်မည်ဖြစ်သည့်အတွက် အထူးဝမ်းသာမိပါကြောင်း ဒါ့အပြင် ဒီကွန်ကရစ်လမ်းမကြီး မပျက်စီးအောင်လည်း ကျွန်တော်တို့ကျေးရွာသူ/သားက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျေးရွာကွန်ကရစ်လမ်း ဖြစ်မြောက်ရေးကော်မတီ ဦးမွတ်ထံမှ သိရသည်။

 

ပုကျေးရွာလမ်းအဆင့်မြှင့်တင်ခြင်းအဖြစ် ရွာလယ်လမ်းမကြီး၏ ကွန်ကရစ်လမ်းခင်းပြီးသည့် လမ်းအရှည်မှာ(၁၁၅၀)ပေ၊ အကျယ်(၁၆)ပေ၊ ထုထည်(၆)လက်မဖြစ်၍ လမ်းအဆင့်မြှင့်တင်ခြင်းအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၁၀၀) သိန်းနှင့် စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်ငွေမှာငွေကျပ် (၄၆)သိန်းကျော်ဖြစ်ပြီး စုစုပေါင်းလမ်းမကြီး၏ ကုန်ကျမှုမှာ ငွေကျပ် (၁၄၆) သိန်းကျော်ဖြစ်ကြောင်း သိရှိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)

 

mdn