ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကြောင့် ပိုမိုဖွံ့ဖြိုးလာမည့်ဖရူဆို

လွိုင်ကော် ၂၃ စက်တင်ဘာ

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Plan (CERP) အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလားမှုနှင့် စားဝတ်နေရေးအခက်များကို ကုစားနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project)များအား ကယားပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်း ကျေးရွာ(၁၁)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ VRFP စီမံကိန်းသည် နိုင်ငံတော်၏ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ်ငွေကြေး အရင်းအမြစ် ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ကျေးရွာ၏အိမ်ခြေ၊ အရေအတွက်ပေါ်မူတည်၍ အမျိုးအစား(၃)မျိုး ခွဲဝေချထား ဆောင်ရွက်ခဲ့သည်။

ကျေးရွာမတည်ရန်ပုံငွေဖြင့် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာ(၁၁)ရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း စသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်းအကျိုးရလဒ်အဖြစ် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း သိရှိရသည်။

လင်းသန့်မေ(ကျေးလက်)