ကျေးကတော့ကျေးရွာတွင် နယ်လှည့်တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသ

လိပ်သို     ၁၄     ဒီဇင်ဘာ   

 

သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျေးကတော့ကျေးရွာ ကျန်းမာရေးဌာနတွင် ကရင်ပြည်နယ်၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကျေးရွာလူထု ပူးပေါင်း၍ တီဘီရောဂါ ဝေဒနာရှင်များ ကွင်းဆင်းရှာဖွေကုသရေးလုပ်ငန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၉  နာရီမှ မွန်းလွဲ ၄ နာရီထိ ကွင်းဆင်းရှာဖွေကုသပေးလျက်ရှိရာ လိပ်သိုမြို့တာဝန်ခံ ဆရာဝန် ဒေါက်တာဇေယျာဦးက လုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူထုကျန်းမာရေးဆိုင်ရာများ အသိပညာပေး ရှင်းလင်းဟောပြောပေးသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းလှဖြူက တီဘီရောဂါကူးစက်ပြန့်နှံ့ပုံနှင့် ကူးစက်နည်းများအကြောင်း၊ ရိုးရိုးတီဘီနှင့် ဆေးယဉ်ပါးတီဘီရောဂါနှင့် ကုသနည်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ရောဂါရှာဖွေကုသမှုတွင် ကျေးကတော့ကျေးရွာအုပ်စု၊ ဗဟုန်းကျေးရွာအုပ်စုနှင့် မောင်ကျော်ကျေးရွာအုပ်စု ကျေးရွာ (၁၃)ရွာမှ ဒေသခံ (၄၉၅)ဦးအား ရောဂါစမ်းသပ်ရှာဖွေပေးခဲ့ရာ တီဘီရောဂါဝေဒနာရှင် (၂၆)ဦး ရှာဖွေတွေ့ရှိခဲ့သည်။ အလားတူ ဗဟုန်းကျေးရွာတွင် အခြေစိုက်၍ ငှက်ပျောတောကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ရွာများမှ ဒေသခံ (၄၆၄)ဦးအား ရောဂါစမ်းသပ် ရှာဖွေပေးခဲ့ရာ တီဘီရောဂါဝေဒနာရှင် (၁၆)ဦး ရှာဖွေတွေ့ရှိခဲ့ပြီး တီဘီဆေးများကို တိုက်ကျွေးပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

 

စောဝေါ်ကွောထူး (ပြန်/ဆက်)