ကော့သောင်းတွင် တန်ဆောင်မုန်းလ စတုဒိသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပ

ကော့သောင်း ၁၁ နိုဝင်ဘာ

 

မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့်   ကော့သောင်းမြို့ တွင်  နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလ စတုဒိသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက  စုပေါင်းရုံးလမ်းတစ်လျှောက် ကျင်းပပြုလုပ်သည်။

 

စတုဒိသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲကို  မြန်မာရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ကော့သောင်း မြို့မလူငယ်အဖွဲ့၏စီစဉ်မှုဖြင့်  နှစ်စဉ်ကျင်းပခဲ့ကြရာ ယခုနှစ်သည် အကြိမ် (၂၁) မြောက်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ထိုစတုဒိသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်စေတနာရှင်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ မြန်မာ့ရိုးရာ မုန့်ပဲသရေစာများ အသင့်စားသုံးနိုင်သည့် စားသောက်ဖွယ်ရာမျိုးစုံစွာ လာရောက်လှူဒါန်းကြရာ မြို့နေပြည်သူများက ကြိတ်ကြိတ်တိုး လာရောက်ဆင်နွှဲခဲ့ကြသည်။

 

အဆိုပါ စတုဒိသာ နိဗ္ဗာန်ဈေး အလှူတော်ပွဲတွင် အိုးစည်ဒိုးပတ်အကများ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲများဖြင့် ဧည့်ခံဖျော်ဖြေကြရာ လာရောက်နွှဲပျော်ကြသည့် မြို့နေပြည်သူများဖြင့် စည်ကားလှသည့် နယ်စပ်ဒေသ ကော့သောင်းမြို့၏  မြန်မာ့ဓလေ့ရိုးရာ ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။  

 

ကျော်စိုး (ကော့သောင်း)