ကော့သောင်းနယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်သည့်  မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးပြီး ပြန်လည်လက်ခံ

ကော့သောင်း  ၂၀  ဖေဖော်ဝါရီ 

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၃၇ ဦး ၊ အမျိုးသမီး ၅ ဦး စုစုပေါင်း အလုပ်သမား ၄၂ ဦးကို  ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိ အဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီး ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

 

4521

 

အဆိုပါ အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများကကြိုဆို လက်ခံကြကာ ပြည်သူ့ ကျန်းမာရေးဌာနမှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ သံသယရှိသူများ ပါဝင်လာခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mark) များ တစ်ဦးချင်းစီသို့ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

45

 

ယင်းသို့လာရောက် လွှဲပြောင်းပေးအပ်သည့် မြန်မာရွေ့ပြောင်းအလုပ်သမားများတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ ကူးစက်ခံရသည့်သံသယဖြစ်သူများ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)

 

4512