ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး

ကော့သောင်း ၆   ဇွန်

           

နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၉၇ ဦး ၊ အမျိုးသမီး ၇၃ ဦး စုစုပေါင်း အလုပ်သမား ၁၇၀ သည် ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

             

အဆိုပါအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု ကာလအတွင်း နှစ်နိုင်ငံ ကူးသန်းသွားလာမှုများ ပိတ်သိမ်းခဲ့၍ ထိုင်းနိုင်ငံတွင် ကြန့်ကြာနေခဲ့ရခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

 

mdn

           

ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက  ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြန်လည်ဝင်ရောက်လာသူများမှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်ကြသူများအား မိမိတို့နေထိုင်ရာ တိုင်းနှင့် ပြည်နယ်များရှိမြို့များ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များရှိ  Community Based Facility Quarantine Center များတွင် Facility Quarantine (၂၁) ရက် နှင့် Home Quarantine (၇)ရက် ထားရှိ စောင့်ကြည့်မှုခံယူကြရမည်ဖြစ်သည်။ ကော့သောင်း ဒေသခံများကိုမူ ကော့သောင်းမြို့ရှိ Facility Quarantine Center များတွင် Facility Quarantine (၂၁)ရက် နှင့် Home Quarantine (၇)ရက် ဆက်လက်ထားရှိ စောင့်ကြည့်ပြီး Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)