ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၇

 

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြင်ဦးလွင် မြို့ရှိ မြန်မာနိုင်ငံ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်ဖီ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကော်ဖီသီးနှံကို ပြည်တွင်း စားသုံးမှုဖူလုံရေး သာမက ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် အရည်အသွေးပြည့်မီစွာ တိုးတက်ထုတ်လုပ်နိုင်ရန် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့်ရရှိအသုံးပြုနိုင်ရေး၊ နည်းပညာနှင့်အကူအညီများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနဆိုင်ရာများဘက်က ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က သီးနှံသစ်တောရောနှော စိုက်ခင်းများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် သစ်တောဧရိယာများတွင် ကော်ဖီစိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိ အသုံးပြုသူများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ် ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးနိုင်ရေးအတွက် အထောက်အကူပြုစေမည့် ကျော်ဖီတိုးချဲ့စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေး အားပေးကူညီသွားမည့် အစီအစဉ်များကို လည်းကောင်းဆွေးနွေးပြောကြားကြသည်။

 

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသော ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက်ပျိုးသူများက လုပ်ငန်းခွင် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းပေး ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)